Tuesday, March 31, 2015

အမုန်းပုံပြင်ထဲက...ပန်းကုံးလေး 205


                            
 


ရာဇဝင်တွင် ပုံပြင်တင်သော
မန်းမြို့မြောက်ယွန်း ဟိုဖက်စွန်းမှာ
မရွှေဥပျော် လွမ်းတောင်တော်ကလေး
သတင်းမွှေးသည့်
ပန်းကောက်ပွဲတော် ဇတ်ကြောင်းခေါ်လေး ရှိပါသေး၏ ။

တောင်တော်ခြေအောက် ရွှာတလျှောက်မှာ
ရက္ကန်းခတ်သံ ဒိုးဒေါက်ညံလျက်
ကွမ်းတောင်ကိုင် အလှပိုင်
အဆင်းဖြူနု မရွှေဥအလှ
ဂုဏ်သတင်းကျယ်ပ ဆယ်ရွာမက...့
သူ့တွင်ချစ်မောင် ကိုရင်မောင်မို့
နှစ်ဦးချစ်ပုံ ပြောမကုန်သေး
ဝမ်းစာအရေးမို့ အဝေးသွားရ
ချစ်နှမလေး ရွှေဥသွေးကို
စိတ်မချသေး...သတဲ့။

တောင်ပြုံးနယ်စား မင်းနှစ်ပါးခေါ်
ရွှေဖျင်းညီနောင် အဆောင်ယောင်နဲ့
အရှေ့ထန်းတော သာယာပေါသမို့
ပျော်ပါးသောက်ကြူး စားတော်ထူး..သရှင့်
ရွာရိုးဖြတ်ပြန် ရက္ကန်းသံနှင့်
ချိုရွှင်သံနှော သီဆိုသောအသံ
ချောနှမစု မရွှေဥကို
မြင်စဉ်ခဏ ပြင်မရတဲ့ချစ်ခြင်းကြောင့်
လင်ရှိမယား မခွဲခြား
အာဏာစွဲကိုင် တဏှာယိုင်လို့
ပိုင်ဆိုင်လိုငြား မတရားမသိမာန်အသိဖြင့်
သိမ်းပိုက်ကြံဆောင် နည်းအဖန်ဖန်ကြောင့်
ရွှေဥကလေး မနှေးပြေးထွက်
တောင်ပေါ်တက်သော်..
မသနားရွက်ဆောင် ကျားမင်းကောင်ကြောင့်
အသက်လုပွဲ ဆင်နွဲရတုန်း
ခေါင်းကပန်းကုန်း ဖြုန်းကနဲကျ
ဇီဝိန်အသက်ပါ မြေခရှာသတဲ့..
ချစ်သစ္စာကို
ရင်မှာတွယ်ထား မုန်းတရားပိုက်
ရက်စက်ကံဟာ မပြေးသာခဲ့
တမ်းတမျက်ရည် တထွေထွေပေါ့။

လနှစ်တွေပြောင်း ရာသီဟောင်းတော့
ပြုတ်ကျပန်းကုံး သီစဉ်တုန်းအတိုင်း
ပန်းဝိုင်းလေးပေါက် ရှင်သန်မြှောက်
သရဖီ ရင်ခတ် ပွင့်သီထပ်ထပ်
ပင်တူညီစုံ ပန်းကုံးပုံလေးမို့
အမုန်းရာဇဝင် သက်သေထားသည့်
ပန်းကုံးလေး...ရှင့်။

တန်ခူးလဆန်း နှစ်တွေဆန်းတိုင်း
တောင်တော်သခင်မ ရွှေဥအလှ၏
ပန်းကောက်ပွဲနွဲ ပန်းမစဲပွင့်သတင်း
အလွန်ပျော်ခြင်း...ရှင့်
ရပ်ဝေး သူငယ်ချင်း ချစ်အပေါင်းသင်းများ
လာလယ်ပါနော် အခါတော်မှာ
ဖိတ်ခေါ်ပါရဲ့...
ရွှေတို့မြို့က....ပန်းကောက်ပွဲ။
ရွှေပန်းချီ

ရွှေပန်းကောက်ပွဲကဗျာလေးက ပါးစပ်ရာဇဝင်သာဆိုတယ် နေရာတွေက အထင်ကရရှိနေတာမို့ သမိုင်းကြောင်းသိသူများရှိပါက ကွဲလွဲချက်တွေရှိပါရင်လည်း စာပန်းချီလေးနဲ့ ပန်းကောက်ပွဲလေးအဖြစ်သာ ထင်မှတ်အားပေးပါလို့ တောင်းပန်အပ်ပါသည်ရှင့်။

လမ်းလျှောက်ကြည့်ခြင်း...... 204


လမ်းလျှောက်ကြည့်ခြင်း......


ဘဝတခုကို တိမ်လို လေလို ပန်းပွင့်သလိုတွက်ဆကြည့်မယ် သူငယ်ချင်း...
တိမ်လို အမြန်ရွေ့လျား
လေလို ဆုတ်ကိုင်မရ
ပန်းပွင့်သလို တဖတ်ခြင်းကြွေ
နေထိုင်မှုတွေက တခဏလေးပါ....

အသက်ကို ခပ်မှန်မှန်ရှုသွင်း
ဘောင်ခတ်ထားတဲ့ အရာတွေလွင့်ပစ်
နေ့ရက်အသိုးတွေဖယ်ထုတ်
တို့တတွေ...ခဏ လမ်းလျှောက်ကြည့်ကြမယ် သူငယ်ချင်း........

ပတ်ဝန်းကျင် မိုက်မှောင်ထုက အုပ်စိုး တဏှာကဝေမက ကခုန် စိတ်တစ္ဆေက စည်းချက်တီးတော့
ဘဝအတုတွေကို အစစ်ထင် ပုံရိပ်ကိုချီးမြှင့်သြဘာခ နှမြောစရာက ဝံကြွားမာနတွေနဲ့ မှားပြီးရင်းမှားလာကြ လူဖြစ်လာရင် လူပီသရမယ် တွေးကြတယ်
အဲဒါကစ မှားနေတယ်...

ဟော ဟိုမှာ...လေထဲလွင့်သွားတဲ့ အသုဘရှုဖိတ်စာစက္ကူအပိုင်းအစလေး နာမည်က ဖိုးသက်ရှည် အသက်က ခြောက်နှစ် ဖြစ်ချင်တဲ့ ဆန္ဒတစုံ လက်ကုန်သွားတယ်ထင်ပါရဲ့.....

ဟောဒီက....ဆုံးအစမဲ့ မိုးကောင်းကင် စကြဝဠာနဲ့နှီုင်းယှဉ်လူသားတယောက်က အနက်စက်ကလေးတခု
ဘယ်နေရာမှာ ရပ်တည်နေသလဲ
ကံကြမ္မာရဲ့ ဓားစာခံ အမိန့်နာခံဘို့ သင်ကြားခဲ့ကြတယ်
လွန်ဆန်တဲ့သူတွေရှိတယ်ဆိုစေအုန်း
မအောင်မြင်ရင် ကံကိုသာပဲအပြစ်တင်ကြတယ်...

ဘဝလက်ကိုင်ရိုးတပ်ထားတဲ့
ဓားတလက်လို လူတွေ
ဘယ်အရာကို ထုဆစ်မလဲ
ဘယ်အရာကို ပါးပါးလှီးထုတ်မလဲ
ဘယ်အရာတွေကို ဖောက်ထုတ်မလဲ...
အမှန်ဆုံး မလိမ်ညာတမ်း မေးကြရင်း ပြောကြရင်း တွေးကြရင်း..
တို့တတွေ...ခဏ လမ်းလျှောက်ကြည့်မယ် သူငယ်ချင်း..။
ရွှေပန်းချီ

မနွမ်းသော...ပန်းသခင် 203


 
မနွမ်းသော...ပန်းသခင်

တောင်ထက်ကျောက်ကြား၊စီငြားမသွေ
ဆရာကောင်းမြတ်၊ ညီအပ်တူပေ
စိမ့်စမ်းအိုင်လှ ၊ အေးမြသလေ
သောက်သုံးသူတိုင်း၊ မဆိုင်းစိတ်ရွှင်စေ။

လူသူအများ ၊ မခြားရှောင်ကာ
ညင်သာလို့လဲ ၊ သူဆွဲရာပါ
သူ့ဝန်သူထမ်း ၊ ပင်ပန်းပေတာ
သူ့ဘဝ ရှုက မြတ်လှစွာ။

စာပေခရီး ၊ မြှောက်ချီးမြင့်တင်
တပည့်များကို ၊ ကောင်းစေလိုချင်
မနောဖြူသန် ၊ နန္ဒာ ကန်သွင်
အတုံ့အလှဲ့မဲ့ ၊ မနွမ်း မေတ္တာရှင်။
ရွှေပန်းချီ
ရွှေကို ကဗျာတွေရေးချင်အောင် သင်ကြားပေး အမှားတွေပြုပြင်ပေး အကြားအမြင်ဗဟုသုတစုံအောင် သင်ကြားပြသပေးပါသော ရွှေချစ်ခင်လေးစားရတဲ့ ဆရာ ဦးဝင်ဦးကို နှစ်သစ်အကြို အဖြစ် ရွှေ ဒီကဗျာလေးနဲ့ ကျေးဇူးတင် ကန်တော့ပါရစေ
ဆရာအကိုကြီး ဝါသနာပါရာ မြတ်ဆရာအဖြစ် ကျန်းမာရွှင်လန်းစွာနဲ့ ပျော်ရွှင်ပါစေရှင့်။

ကဗျာမြတ်နိုးသူတို့ရဲ့ ကဗျာ သင်္ကြန်ပွဲတော် 202


ကဗျာမြတ်နိုးသူတို့ရဲ့
ကဗျာ သင်္ကြန်ပွဲတော်
------------------

အလှထူးတဲ့ ပိတောက်ဖူးနဲ့
တူယှဉ်ကာနွဲပျော် ကဗျာရှင်များရဲ့
ကဗျာ့ သင်္ကြန်ပွဲတော် ။
ပန်းပိတောက်တွေ ရွှေရည်လူး
တစ်ဦး ကို တစ်ဦး
ချစ်ကြည်နူး နှစ်သစ်ကူး မှာ
ပျော်ရွှင်မြူးစွာ လောင်းပက်ကြမလေ
ကဗျာရှင်များရဲ့---
ကဗျာသင်္ကြန်ရေ ။ ။
မျိုးသိန်း

တစ်နှစ် တခေါက် ရောက်လို့လာ
ပျိုလေး တို့ရဲ့ မြန်မာ့ရိုးရာ
နှစ်ကူးအတာ ပွဲလေးမှာ
လာစေချင် မိတ်သဟာများ
ဖိတ်ခေါ်ပါရစေလား...
ပိတောက်တခက် နဲ့ကြိုမယ့်သူ ရွှေမန်းမြို့ရဲ့ မန္တလာသူ.....
တူယှဉ်ကာ ရေကစား
နွှဲကြစို့လေ မောင်မယ်များ
ကဗျာရှင်တို့ရဲ့..
ကဗျာ့သင်္ကြန်လား။
ရွှေမန်းသူ သူသူ

ဝါသနာရှင်တွေ စုကာဘဲ
ဲနွဲပျော်ကြတဲ့ ကဗျာသင်္ကြန်
ရေးတာကမဟန်ကာရံက မချို မြလည်း
သင်္ကြန် ဆို ထုံးစံဓလေ့မို့
စနောက်ကာပြောင်လှောင်ရေးလည်
စိတ်မဆိုးပေါင် အတည်မမှတ်
့ချစ်ခင်ကာအမြဲ ခွင့်လွတ်စမြဲ
ဒီတခါထည်းပါ့
ပေါက်ကရရေးကာနောက်လိုက်မယ်
ထူးလိုက်ပါတဲ့ ကဗျာတွေပဲ
ကဗျာရှင်တို့ရဲ့
ကဗျာသင်္ကြန်ပွဲ..။
စိန်ပန်းနီ

မင်္ဂလာနှစ်ကူး ပျော်ရွှင်မြူးလို့
အတာရေစင် ဖြန်းပက်ကြအတူပင်
ဖြူဖြူညိုညို ပျိုပျိုအို...စုံလို့လေ
ကဗျာသင်္ကြန်ရေ...
နွေတစ်ရက်ပေမယ့် အနေမခက်ပါဘူး
ကဗျာနဲ့သင်္ကြန် ဒွေးရောယှက်တယ်
ရင်ခုန်သံတွေ ကာရန်ညှိလို့
နှလုံးအိမ်မှာ ပိတောက်ပွင့်မယ်
ကဗျာရှင်များရဲ့
ကဗျာသင်္ကြန်ရေပွဲ...။
ဓူဝံကြယ်

ဲတစ်နှစ်မှာ. . . အလည်တစ်ခေါက်
မပစ်ခွာ . . . အစဉ်ထောက်လို့
ချစ်စရာ . . . ရွှေပိတောက်တို့
ဖူးပွင့်ကာ . . . ထိန်ထိန်ဖြာတဲ့
အတာကူးမယ့် . . . ဒီနွေတန်ခူးဝယ်
ကဗျာချစ်သူ . . . မောင်နှမတစ်သိုက်
ပျော်ရွှင်စွာ . . . ရေစင်ဖျန်းလို့
အေးချမ်းစေ . . .
အတိတ်ဆောင်ကြောင်း
မေတ္တာထပ်လောင်း . . . တောင်းဆုခြွေ
ကဗျာချစ်သူတို့ရဲ့
သင်္ကြန်ရေ . . . .။
မျိုးချစ် သူ

အလွမ်းတွေ နွေပိတ်ကားပေါ်
ဖြန့်ရေးတော့ ပိတောက်သင်းတဲ့
အတာတန်ခူးဟာ မိုးစက်တွေနဲ့ အသည်းကို ကျူံးသွင်းတယ်
ပွင်းဖူးခဲ့တဲ့ အချစ်စစ်ဟာ ဧပရယ်လ်မှာ ဖြစ်ထွန်းတော့တိမ်ညိုဆိုင်းလာတိုင်း မျက်ရည်အလွမ်းကို
မိုးသကြားဆီ ဆက်သတယ်...
နှစ်သစ် နှစ်သစ် အာရုံဦးမှာ ပိတောက်ငုဝါတို့ ပန်းတပ်ဖွဲ့လို့ ငွေငန်းဆုံမှတ်ဆ်ီ
တူးပို့တေးသွားတွေနဲ့ ချီတက်နေကြတယ်..
့ဧပရယ် ညတွေကို ခွန်းထောက်သံပေးရင်းရင်ဘတ်ကို လှုပ်နိုးကြတယ်..
တူးပို့သံကြိုင်လွင်တဲ့
သင်္ကြန် ဂီတတို့ အိပ်ယာဝင်းတေးတစ်ပုဒ်အဖြစ် ညင်းသဲ့သဲ့ ဆော်သွင်းရင်း
ရာသီတန်ခူးဟာ နွေအမှတ်တရတွေနဲ့ခမ်းခမ်းနားနားကြီိး နှုတ်ဆက်နေပြန်ပါပေါ့။
သင်္ကြန်အထာနဲ့ ကဗျာသင်္ကြန်ပါပဲလေ။
အလင်းသစ်

့ နွေရဲ့ချိန်ခါ ရောက်လို့လာတော့ ကဗျာရေးမယ် ဒီချိန်ကွယ်လို့
စိတ်ရယ်တွေးမိ ရင်ထဲထိအောင် ပြုံးပီတိတွေ ဝေဝေဖြာပေါ့
ပိတောက်တွေလည်း
ဖြိုင်ဖြိုက်ဝဲလို့ ရင်ထဲအေးတယ်
သင်္ကြန်မယ်....့ 
ကဗျာသဘင် ရေကြည်ပွဲဆီသိုီ့
နှစ်ဦးအခါ လှစ်ကျူးသံသာနဲ့
ဆုမွန်ခြွေ မာစေကြောင်းလို့ 
ချစ်ကြည်ဆောင် နှစ်လည်ပြောင်းချိန်မို့
ကဗျာရှင် မောင်နှမများရေ
လောင်းကြမယ် နော်။
တိမ်ယံချစ်ဦး

လွမ်းတေးသင်္ကြန်
နွေဂိန်မာန် အတာကူးဖို့
လေရူးလေး ကလူကြည်စယ်
ဇဗ္ဗူ မြေ ဝယ်တမူ ထူး
နှစ်ကူးတဲ့ ပြည်မြန်မာ
ရေညီလာ ဆင်ယင်နွဲ
ပွဲလ ချိန်ခါ ။
ပိတောက်ရွှေဝါ သင်းရနံ့
ဆွတ်ပျံ့ တဲ့သင်္ကြန်တေး
ရပ်ဝေး သူရင်ပူနွမ်းတယ်
လွမ်း ရချည့်လေး။
မိုးပြာ(ကဗျာချစ်သူ)

ကဗျာမြတ်နိုးသူတို့ စုံညီရာ
FBပြည်ဆီမှာ ကဗျာသင်္ကြန်ပွဲ
နွှဲကြစို့ ပျော်စရာ
ဖော်သဟာ မိတ်အပေါင်း
ဖိတ်လောင်းဖို့ ရည်ရွယ်ကာ
ခင်တွယ်ရာ သူငယ်ချင်း
ဖြူသွယ်ရှင်း ရိုးရာပွဲကိုပ
တမျိုးဗျာ ကဲရအောင်ပေါ့
သွားကြစို့လား။
မျိုးသီဟ
တနှစ်မှာ တစ်ခေါက်မြူး
ပိတောက်ဖူးတဲ့ရာသီ
အရောက်ထူးလို့ လာချေပြီကွယ်
မြန်မာပြည်တစ်ဝှမ်း။
လူကြီးနဲ့ လူငယ်စုံသည်
ထုံထုံအိ အပျော်တွေလွမ်း။
လမ်းတလျှောက် ပန်းပိတောက်ဝေဖြာ
လွမ်းလောက်စရာ သည်ပန်း။
အနွမ်းပျောက်ကာဒီနှစ်ဆန်း
ရေစဉ်ဖျန်း လန်းစေ။
အဆိုးတွေ ကင်းစင်ပြောင်လို့
အလင်းရောင်တောက်ဖြာကာဝေ။
ကုသိုလ်ဒါနအထွေထွေ
လှူကာလေ အတိုးချလို့
ပျိုးကြဖို့ ကောင်းကျိုးမျှော်ကာ
နှိုးဆော်တယ်ဗျာ။
စာသလို့ အခါအခါခြွေတယ်
မြန်မာပြည် အေးစေဖို့လေး။
Lwam Yin Mg

အတာကူးတဲ့ နှစ်သစ်မင်္ဂလာ
ထူးမြူးကြတဲ့ သင်္ကြန်ခါ။
ကဗျာရှင်တို့ တပြုံးပြုံး
ကဗျာစပ်ဆိုမဆုံး။
ပုံသဏ္ဍာန်မျိုးစုံ ညံစီစီ
ဆိုတေး သံပြိုင်ညီ။
ရွှင်ကြည်ပျော်တဲ့ ကဗျာသင်္ကြန်ပွဲ
ကျနော်လဲ ပါဝင်နွဲ။
ကဗျာ နွေဦး

လတန်ခူးလေ ဖက်ဆွတ်ရေ
ပိတောက်ပျိုမေ လန်းပါစေ......
မိတ်အပေါင်းဆွေ ပျော်ကာနေ
တို့တိုင်းမြန်ပြေ သာပါစေ....ရှင့်။
မြတ်စိန္တေ ရှင် မုနိထံတွင်
ဦးခိုက်ကာတင် ပန်းသခင်နဲ့
အတာရေချမ်း သွန်းကာဖြန်း
ဘေးရန်မသန်း အေးကာ စမ်း..လို
လန်းဖြာတင့်ဝေ ပျော်ကြပါစေ
ကဗျာ့သင်္ကြန် ရေ....ရှင့်။
ရွှေပန်းချီ

ရွှေရဲ့ နွေကဗျာနံပါတ်(၁၀)လေးကို အမှတ်တရဖြစ်စေရန်အတွက် ရွှေချစ်ခင်လေးစားရသော အကို မောင်ညီမလေးတွေကို လက်လှမ်းမီသလောက် စုပြီး ကဗျာသင်္ကြန်ပွဲလေးရေးဖို့ ကဗျာဝါသနာရှင် များကိုဖိတ်ခေါ် စီစဉ်လိုက်တာပါနော်။
အဆင်မပြေ တာများရှိခဲ့ပါက ရွှေ့စီစဉ်မှု ညံ့ဖျင်းခြင်းသာဖြစ်ပါတယ်နော်
ကဗျာဝါသနာရှင်များစုရေးခြင်းပါနော်။
အမှတ်တရအဖြစ် ကော်မန့်လေးမှာ ကဗျာလေးတွေအပျော်ဝင်ရေး ပေးပါလို့ ရွှေက တောင်းဆိုပါတယ်ရှင်။

နွေဂိမှာန်ဦးထိုက်...ပန်းမကိုဋ် ရတုပိုဒ်စုံ 201



                   နွေဂိမှာန်ဦးထိုက်...ပန်းမကိုဋ်

ခါနွေလေပြန် ၊ ရွှေဂိမှာန်ဝယ်
ဆူထန်ခက်ပွေ့ ၊ ပူလျှံငွေ့ကို
မထင်သဘော ၊ မနှမြော၏သို့
ပွင့်ပျိုသည့်ပင် ၊ လှလွန်းရှင်လို
မြေနှင့်တရံ ၊ မဆက်ဆံကား
ပန်းပျံထွဋ်ချာ ၊ သူ့ပွင့်လွှာသည်
ခက်စွာဝေသီ ၊ မြင့်ပင်ဆီဝယ်
ယိမ်းနွဲ့တဖြာ ၊ သူ့မူယာမှာ
သဏ္ဍန်ရွှေတူ ၊ သိင်္ဂိသူလို
ဝင်းဝါဆင်းရှင် ၊ ကြင်စချင့်ဖွယ်
မြင်တင့်တယ်သား ၊ ခြယ်လှယ်ထားရနံ့
မွှေးသည်ပျံ့ပျံ့ ၊ တုလွတ်စံ့ပြိုင်ကင်း
ကြိုင်သင်းဖိမ့်ဖိမ့် ၊ တစိမ့်စိမ့်ပင်တည့်
ဖူးပွင့်ညီသား ၊ ပန်းထိမ်များငို
သင့်နဂိုသည်
အို..ဘယ့်သခင်...ငုရွှေစင်။

ရောင်ဝါမဟာ ၊ သာသနာမှာ
ဖြာဖြာဝေစီ ၊ တူလေပြီကြောင့်
အညီတမျှ ၊ ပန်းမြတ်သနှင့်
တည်ကြည်နှလုံး ၊ မနောသုံးကာ
စိတ်လှဖြူဖြူ ၊ လေ့ကျင့်မူကျင့်မြတ်
ကျင့်တတ်သသူ၊ ဆင်ပန်ယူသင့်
အလွန်တင့်တယ် ၊ ကြည်ညိုဖွယ်သား
အရှင်များလို ၊အကျင့်ချိုသည်
အို..ဘယ့်တော်ဝင်....သာသနာရှင်။

ငုရွှေစင်ပန်း ၊ ကန္တာလမ်းမှာ
အားသွန်ပွင့်ပွင့် ၊ မိုးမဆင့်လည်း
ချိန်ခါရာသီ၊ သစ္စာတည်သို့
ဗုဒ္ဓတရားစည် ၊ ဖိန်ဖိန်ညီသွန်း
မိုးလုံးဟိန်းလှ ၊ သောင်းသောင်းဖြအောင်
ဆင့်ကမ်းထမ်းရွက်
ဝင့်လျှမ်းတက်သလို၊ သဒ္ဓါပိုသည်
အို...ဘယ့်....အရှင်နှင့် ငုရွှေစင်။
ရွှေပန်းချီ
ရွှေဒီအရင်က ဧကပိုဒ်လေးတွေ သုံးပုဒ်လောက် စမ်းရေးပါတယ်။ ဒီတခါတော့ ပိုက်စုံလေး စမ်းရေးကြည့်ပါတယ်နော်။ လိုအပ်သည်များရှိပါက ခွင့်လွတ်နားလည်ပေးပါ ဆရာတို့ရှင့်။
အစဉ်လေးစားလျက်ပါ။


ပန်းပိတောက်တွေ မ....က တော့တဲ့သင်္ကြန် 200


                       ပန်းပိတောက်တွေ
                                              မ....က တော့တဲ့သင်္ကြန် 
 

ရွှေပိတောက်တွေလဲ
အကြိုမထောက်တော့ဘူး....မောင

နွေရာသီဦးစ မိုးပြေးကလေးခမှ
အဖူးသက်တို့သွင်း ခပ်သင်းသင်းကလေးမွှေး သူကလေးလဲလှချင်ရှာသေးတယ်လေ.....

တူးပို့ တူးပို့ ဒိုးဆစ်ကလေးနဲ့ မြနန္ဒာသီချင်းသံကြောင့်
စိိတ်တပါးက တခါရံဆီသွားမိ ကျုံးရှေ့နဘေး ရေစိုအေးထဲ ငွေငန်းနဲ့အတူ ပျော်ခဲ့ဘူးတဲ့ဆီကိုပေါ့.......

ပျောက်ပျက်သွားတဲ့အတိတ်ဒဏ်ရာက
သွေးတိတ်တာပဲ ရှိပါသေးတယ်
တိုက်ဆိုင်လေတိုင်း မျက်ရည်ဝိုင်းတာ
မောင်.....မှ မသိ တော့တာပဲလေ......

ဒီနှစ်သင်္ကြန် မိုးဝဿန်က ပုန်းလို့ ပိတောက်ဖူးတွေငိုသလို
မေလဲလေ....ချစ်သူ မုန်းလို့
နှလုံးသားထဲမှာ ငိုနေပါရဲ့......

ပန်းပိတောက်တွေ
မ..ကတော့တဲ့ သင်္ကြန်ပါ.....မောင်။
                                                     ရွှေပန်းချီ
 
You, Ko Mg Myint, တိမ် မင်းသား, Htay Lwin and 524 others like this.

(((((လက္ခဏအချစ်.... အဋ္ဌစန္ဒာလေးတော်သိပါရဲ့...သခင်))))199


(((((လက္ခဏအချစ်....
အဋ္ဌစန္ဒာလေးတော်သိပါရဲ့...သခင်))))


အချစ်ဆိုတဲ့ ကိလေသာကြောင့်.....
သံသရာဝဲဂယက်မှာ...ရုန်းထွက်မသာတဲ့
သံယောဇဉ်...မယှဉ်လိုပါလား
နှလုံးသားရဲ့အရှင်...သီတာခင်ရယ်

ရာမ နဲ့ ရာဝဏ အချစ်ကြီး
ရာဇဝင်ထီးမှာ စာတင်လို့ငြီးခဲ့ကြပေမယ့်
သူတို့ထက်အဖြစ်ဆိုး....
ရင်မှာပျိုးမိတဲ့..အချစ်နှင်းခါးမိုးအအေးဒဏ်ကြောင့်
တဖက်သတ်ချစ်ခြင်းရဲ့ ငိုချင်းရှည် ကဗျာတပုဒ်... ပဏ္ဍာထုတ်ကာစပ်သွင်း ရွှေနားတော်ဆက်စမ်း ချင်ပါရဲ့ လေ....

မြသားရောင်စိမ်းအလှနဲ့ ဟိန်းကြွနေတဲ့
အကိုတော်ရှင်....ရာမသခင်ကိုမှ
ညွတ်ပါလေတဲ့ သီတာခင်ရဲ့ အချစ်ပင်မို့
ရွှေသား ကတ္တီပါလို အရောင်ဝါဝင်း လက္ခဏလှပခြင်းက.....မယ်မင်းရင်တွင်း မသက်ဆင်းခဲ့တာ
အကျွန့်ချစ်ကံလား...အလှဘုရားရယ်

တောရွာသင်္ခန်းကျောင်းပျော်
ညီနှစ်ဖော်မို့ မခွဲအတူ ကြည်ဖြူအကြိုက်မွေ့
နောင်သား နောင်မယ် အသွယ်သွယ်မို့
ရန်တပါးလို မရွယ်စိတ်ဘဝင်
ဖခင်မခြား ပြုကားစောင့်ရှောက် အစဉ်သားတလျှောက် ဦးစားပေးခံပေါက် ညီမယ်လေးတယောက်မို့
ကျေးဇူးတော်ထောက်ခဲ့ရ
အကျွန့်ဘဝပါ......သီတာခင်ရယ

ခုနှစ်ပြည်ထောင် မင်းများအရှင်က
မင်းဇနက္ကထံ သမီးကညာတောင်း စစ်ပြုမည်အကြောင်းရာမို့
သိကြားမင်းက ဆက်သွင်း
အဋ္ဌစန္ဒာ လေးတော်တစင်းနဲ့
အချစ်စမ်းတဲ့ ပွဲလမ်းသဘင်ဝင်နွဲ
မာန်ကြွယ်တဲ့ အချစ်ဇောဟုန်နဲ့
လေးတော်ကို အားကုန်မလို့
ကြိုးတော်ရယ်ရစ်ဆင်ချိန်......
ရွှေလမျက်နှာညှိးကာကျ မျက်ရည်ခလို့ နှုတ်တော်ဆီ တီးတိုးမိန့်သည်က
့""မတ်တော်လေးရယ် ဖေးမပါတဲ့""့ 

သီတာခင် မဘုရားစကား.....
လက္ခဏအချစ်သမားကမ္ဘာခြားလေပေါ
တိုက်မောင်းသံဟိန်း တရှိန်ထိုးဆင်းတဲ့ ရေအလျင်ကြောင့် အသဲအိမ်ယာ ချစ်တိုင်းပြည်ပျောက်သလိုအဖြစ်မို့
အားကုန်ကာ လက်မှိုင်ချ
မျက်ရည်တွေတောင် ကျမိပါရဲ့....
တဖက်သတ်ပင် အချစ်တွေပွား
အဆများစွာထားသူ သစ္စာတရား
အဋ္ဌစန္ဒာလေးတော်တပါးသာ သိရှိပါရဲ့
အလှထိပ်တင်....သီတာအရှင်

အော်....
အမတော်ဘုရားရှင်....သီတာခင်ရယ်။ ။
ရွှေပန်းချီ
်ကျေးဇူးတင်ပါရစေ
ဆရာကြီး ချစ်ဦးညို
ရာမစာပေအွန်လိုင်း
ကံကော်ရနံဘလော့ စသည်တို့မှ ဖတ်မှတ်ပြီး စာပန်းချီ ချယ်မှုန်းပါတယ်နော်။ လိုအပ်သည်များရှိပါလျှင် ရွှေ ရဲ့ ညံဖျင်းမှု သာဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ရှင်


ဆရာလေး...... 198


                           ဆရာလေး......

ဆံကေသာ ထုံးပယ်လျှော့
ဘုန်းသွယ်ကျော့ ပျိုကညာ
မယ်သီလေးပါ။

သံသရာထွေ ၃၁ဘုံမှာ မပျော်ပါတုံအား။

ကိုယ်အဆင်း ပန်းချင်းသွင်နှင့်
စိတ်အစဉ် သိမြင်ရုန်းကာကွယ်
ဆုံးထိ စိုက်ထား။
ရွှေပန်းချီ

နွေရာသီ ကျောင်းပိတ်ရက်ကလေးမှာ အပူဒဏ်လဲရှောင် သာသနာကိုလဲ ဆောင်နိုင်ပါစေရန်အတွက် ဝိုင်းဝန်းတိုက်တွန်းပေးကြမယ်နော်
Nyein Nyein, သာလိ ကာ and 708 others like this.

နွေ...ပန်းချီ 197



                                 နွေ...ပန်းချီ့ (၇)


နွေငွေ့ ချီတယ်
ရှေ့ဆီမယ်
ဝေသီ ဖျဖျ
ဖွဲ့ ညီစ။

နွေနံ သင်းကြွယ်
ပိတောက် ခင်ရယ်
ပွင့်ကြွေ လျလျ
မိန်ကာလ။

မလေးမောင်မယ်
သင်္ကြန်ချိန်ဝယ်
ကြည်ရွှင် ပျပျ
အခါသမယ။

နှစ်ဟောင်းကုန်တယ်
နှစ်သစ်ရွယ်
ကုသိုလ် လှလှ
အတူပြုကြ။
                  ရွှေပန်းချီ



ကိုရင်လေး.... 197


                                         ကိုရင်လေး....


ဆွမ်းသပိတ်ကို လည်တွင်လွယ်လို့
ပြုံးရယ်မော့ ဟန်မူရာ
ကြည်ရွှင် သာသာ။

နံနက်ချိန်ခါ၊ ဆွမ်းခံရာ သူမြူး။

ရောင်ဝါအဆင်း ညိုဆင်ဆင်နှင့်
သာသနာဝင် အညွန့်နွယ်မို့
ရွယ်လို့ သာဖူး။
ရွှေပန်းချီ

နွေမိတဲ့....ပန်း 196



့ နွေမိတဲ့....ပန့်း (၆)

ညှင်းသွဲ့သွဲ့သော့ လေပြေဆော့
နွေအနမ်းမှာ တထွေဆန်းပါ့
ပျောက်ခါနေတဲ့ အလွမ်းဖွဲ့ဒဏ်ရာကို
ရမ်းရော်ခါသွေ မတစေပေမယ့်
မျက်လွဲခြေရာ မဖြေသာတလျှောက်မှာ
နွေရောက်မယ့် အသဲတွေလား
စွဲမိတယ်ပေါ့.........

တံလျက်အသွင်
မာယာခင်းဆင် တကယ်ပင်
ချစ်သဏ္ဍာန်ဆောင် သဲထက်ပလ္လင်
ရာဇာကန္နက်က မင်းမြတ်အရှင်ရဲ့
ညွှန်ရာစေသွား တချက်များတောင်
မငြင်းခဲ့လေတော့........

အဆင်တကျော့ လေသုန်နော့မှ
ချစ်ခန်းတံလျက် ပယ်ကာပျက်ယွန်း
အမှန်သွန်းရုပ်က ပီပြင်သမို့
နွယ်ယှက်မိသူ ပူဗျာမချိတယ်
နွေမိတဲ့....ပန်း။
် ရွှေပန်းချီ


နွေပျိုဖြူ 195


ဘဝလှေရဲ့...ပဲ့ကိုင်ရှင် 194


ဘဝလှေရဲ့...ပဲ့ကိုင်ရှင်

ဒေါင်းဖန်ဝါ
ယဉ်တကျော့ရယ်က
တမင်သော့လို့
အပြေးကို...နှင် ။

မလေးခင်
မောင်တို့တသိုက်
ဝေလေမလိုက်နဲ့
သတိလေး..ဝင် ။

မနှေးပင်
ကိလေသာတပိုက်
လှေကြုံမကြိုက်နဲ့
အရေး..ရယ်ဆင်။

သုံးဆယ်တစ်ဘုံ
နေရာစုံဝယ်
တနယ်စီကူးကာ
မသေဖူးရယ်
ဘယ်မရှိမို့
ရွယ်စူးကာ နန်းအမတ(နိဗ္ဗာန်)
ဖန်ကြမယ်လေး။ ။
ရွှေပန်းချီ


Sunday, March 8, 2015

နံနက်ခင်းရဲ့ စပယ်တခင်း no.193


နံနက်သဘင်
 

နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ ဆုတ်တုံ့ခွာ၍
ရာဇာနေနီ ရောင်လွှတ်ချီသော်
တီတာချိုနု ငှက်ဆွေစုလည်း
ညုတုံ နွဲ့တုံ ဝိုင်းတော်ချုံမှ
တီးဗုံ ပတ်သာ နှဲတံမြွာသို့
ညံစာကြွေးရင့် တင့်လည်းတင့်၍
ဝင်းဝင့်ပြိုးပြောင် ဤ ပညောင်လည်း
အရောင်ပြေးလျှပ် ငွေရည်ခတ်သော်
မိုးနတ်သူဇာ ဤအခါဝယ်
ဘုံသာဆောင်မှ ဆင်းလာကြွ၍
သီ က နေမည် ပါ တကား။
ဇော်ဂျီ
ဖေဖေါ်ဝါရီ ၁၉၃၂

့========
စံပယ်ဖြူ
တင့်လှပေသည်
မြရည်စို့စို့ အရွက်တို့လည်း
မိုးသို့မျှော်ကာ
သူ့မာလာနှင့်
ပဏ္ဍာဆက်သ
ရွှင်ရွှင်ပျသည်
ဝင်းပစံပယ် ဖြူဖြူတကား။
ဇော်ဂျီ

့(((ငါက....အလှမ်းဝေးနေသေးသူ))) no.192


့(((ငါက....အလှမ်းဝေးနေသေးသူ)))

ပွင့်ခဲ့တာကိုက
စိတ်နဲ့ကိုယ်နဲ့တကိုင်းစီ
တစ်ပင်ထည်းမှာ
မုဆိုးလဲငါ သားကောင်လဲငါ
ငါပဲဇတ်လိုက် ငါပဲလူကြမ်း
ငါ့ကိုငါ စောင့်ဖမ်းပြီး
ငါ့လက်ထဲကပဲ ငါထွက်ပြေး
ငါက တစ်ဖက်ကမ်းမှာရပ်နေပြန်
ကမ်းတဖက်က
ငါ့ကို ချစ်ရမလို မုန်းရမလို နဲ့
တလှမ်ချင်းအသိတရားကဖမ်းဖွဲ့နှောင်
ငါ့ကြောင့်ခက်တယ်
ငါစိတ်က ငါ့ကိုမီးမွှေး
ငါ့ကိုငါကပဲ ပြန်ကာအုပ်ငြိမ်း
ငါ့စိတ်က မှီရာကိုင်းလှမ်း လှမ်းဆွဲနေလို့
ပလ္လင်ခွေထိုင်နေတဲ့ ငါ့ကိုငါ လေးမြတ်ချင်တာမို့ 
ဝင်သက်ထွက်သက်ကို ငါ့ဖာသာထိမ်းရင်း
အခုဆို
စိတ်မရှည်တာကိုတောင်
စိတ်ရှည်နေရတယ်။

လတပေါင်းပွဲခံ...... ရွှေစာရံ no191

 
 
လတပေါင်းပွဲခံ...... ရွှေစာရံ

မြန်မာတ၀ှမ်း ၊ ရွှေရောင်လွှမ်းထား
ဘုရားစေတီ ၊ ရွှေအစချီက
လတပေါင်းမှန် ၊ ပွဲပေါင်းခံတဲ့
ရှေးကစကား ၊ မှတ်သားနာယူ ချဉ်းကပ်ယူ...ရှင့်။

သာယာပြန့်ပြော ၊ ယာလယ်တောလေး
စိမ်းစိုအေးချမ်း ၊ နယ်မြေဆန်းသော
မန်းမြို့ အရှေ့ဖက် ၊ ကုန်းအတက်မှာ
ရွှေရောင်ဝင်းမိုး ၊ စေတီတန်ခိုး
ဖြိုးမောက်စေတွင် ၊ ပြည်တခွင်သာတည့်။

ပုဂံပြည့်ရှင် ၊ မိဘုရားတွင်သည့်
စောမွန်လှတပါး ၊ တည်ထားကိုးကွယ်
အသွယ်သွယ် နှင့် ဓါတ်တော်ကိန်းခ
နားပန်သမှ ၊ ဌာပနာပြုခံ ရွှေစာရံ.....

့(ကျွဲနဖား)တောင်အောက်
၊ရေကြည်ဖောက်သည်
့(ဒုဋ၀တီမြစ်)ရေခွေဆင်း ၊ ဦးတိုက်ခြင်းနှင့်
နတောင်းကျခေါ် ၊ ချောင်းရေသထား
စံပါယ်ကြွားသည် ၊ ရွှေစာရံဘုရား ဂုဏ်ကျော်ကြား၏

လတပေါင်းစံ ၊ ပွဲပေါင်းခံသည်
ရွှေစာရင်းပေါက် ၊ လွန်တွင်မောက်သမို့
စည်ကားသိုက်မြိုက် ၊ စံတင်ထိုက်
ပျိုတိုင်းကြိုက်သည်.့
့(ထန်းရွက်)ပုတိးအလှ၊ ရောင်စုံကျနှင့်
ရွှေငါးလေးထိုး ၊ ထန်းရွက်ချိုးလျက်
ဗူးခြောက်ရေခံ ၊ အလှစံ လို့
ဒေသထွက်ကုန် ၊ ပေါင်းပေါင်းစုံ၏

ဓလေ့ထုံးသုံး ၊ မုန့်ခေါင်းအုန်းလေး
ထန်းလျက်ချိုဆန်း ၊ ထွေးထွေးသန်းလျက်
ရောင်းသူပျိုဖွေး ၊ ရှမ်းမလေးက
မ၀ယ်လဲစား ၊ ၀ယ်လဲစားနော်
အပြောချိုဝဲ ၊ စကားသဲကအလှတဖြာ၏
မန်းမြို့အကုန် ၊ နယ်ပယ်အစုံ
ပျော်စုံနှောချင်း ၊ သွေးသားရင်းများ
မနာအောင်တ၀ ၊ နှုတ်စကြသည်
ယောက်ဖ ယောက်မ ၊ ချစ်နှမနှင့်
ချောင်း၏ရေတွင်း ၊ လှေစီးရင်း
ရေတွေစွဲစို ၊ နှမပျိုရယ်
သက်မကြိးထင် ၊ ထန်းပုတီးဆင်လို့
ရွှေစာရံပွဲ ၊ လာရောက်နွဲက
နတ်ပြည်ထက်ပါး ၊ ဇာတိဖွားလို
နုနယ်ပျိုမြစ် ၊ ရွှေရင်သစ်...ရှင့်။

လာလယ်ပါနော် ၊ ဖိတ်၍ခေါ်သည်
ဆွေသဟာရင်း ၊ အပေါင်းသင်းများ
အိမ်ပြန်သွားလည်း ၊ လည်မှာဆွဲပြီး
ထန်းပုတီးလှ နှင့် ဗူးခြောက်ကလေး လက်ဆောင်ပေးမည်...
အညာလက်ဆောင် ၊ ရွှေ့လက်ဆောင်....ရှင့်။

တပေါင်းလပြည့်နေ့အမှတ်တရရေးဖွဲ့ပါသည်။
အကိုမောင်အမညီအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒတွေ တပေါင်းလပြည့်ဝန်းကြီးလို ပြည့်ပြည့်၀၀
လှပစွာ ရနိုင်ကြပါစေလို့ ရွှေပန်းချီက ဆုတောင်းပေးပါတယ်..
— with အချစ် မိုးဆွေ, Princess Hlaing, Lann Bo and 84 others.

နွေ...ကပွဲ no.190


                                                                    နွေ...ကပွဲ

နွေသရုပ်ပန်းချီကားနောက်ခံ
နွေသဏ္ဍာန်တွေခင်းပြ
နွေသီချင်းတွေမြိုင်ထတွေနဲ့ နွေလရာသီ လေးလ ဇတ်ခုံတခု ဖွင့်လှစ်ကြမယ်...သူငယ်ချင်း။

နွေတနေ့တမနက်ခင်းတွေမှာ သတ္တလောက နိယာမအလျောက် အသက်ရှင်ခြင်း လက်ခံမိလို့ တနေ့တာအထာကျ ကပြရမှာပါပဲ။

ဒါကြောင့်
မောဟကို တွဲလျက် သဲရေစိမ့်အိုးနဲ့ စက္ကူယပ်တောင် တချောင်းဆွဲ အေးရာအေးကြောင်းတွက်ပြီး တွဲကမလား......

လောဘ ဒေါသဦးဆောင် အဲကွန်းလေကလေးနဲ့ ရေခဲသေတ္တာရေသောက် ဂုဏ်မောက်မောက်နဲ့ မာနတပါး တွဲကမလား......

စိတ်ကလေးကိုဖြူစင်ထားမေတ္တ္တာရေလေးကိုသောက်
သစ္စာတရားအဖော် တယောက်နဲ့ ပွဲဝင်မလား...

သူငယ်ချင်းရေ..
နွေကပွဲရဲ့ ဇတ်ခုံထက်မှာ
မင်းဘယ်မင်းသမီးတလက်နဲ့တွဲကမယ်လို့ စိတ်ကူးထားလဲ..ရည်စူးထားသလဲသူငယ်ချင်း။
ရွှေပန်းချီ
— with Love Chitthu, Chitthumg Mg, Naybhun Thaw and 70 others.

ရင်ကိုခတ်သော...နွေတေးသံ no189



ရွှေပန်းချီရဲ့ တတိယမြောက် နွေအလွမ်းလေးပါရှင့်
ရင်ကိုခတ်သော...နွေတေးသံ
့(၂)

ချစ်သူရေ......
နွေလေသရမ်း
ရော်ရွက်နွမ်း
ကြွေပန်းတွေလည်းများခဲ့ပြီ.......

လေချိုသံနှော
ဥသြပြော
ချစ်သောသူများဆွေးကြသည် .......

 
အဖေါ်မဲ့တည်
ဆိုဖွဲ့သီ
တူညီလွမ်းမည်ထင်ပါသည်.......

ချစ်သူကိုယ်ပွား
ပုံရိပ်ထားလည်း
့်လွမ်းအားများကဖြေမဆည်......

မြင်မြင်ရာဆီ
နွေပန်းချီကြောင့်
လွမ်းပြီနွမ်းသည်နွေရာသီ......ရှင့်။
ရွှေပန်းချီ