Monday, August 8, 2016

ရွှေဖက်လိပ် နဲ့ ကုမာရီ



ရွှေဖက်လိပ် နဲ့ ကုမာရီ

ပြုံးမထိတထိအသွင် ၊
အမောက်ဟန် လှလိုက်ပါဘိ
သုံးမိလျှင် နောက်တဖန် တ ရပါမယ်၊့
သောက်ခံ၍ မွှေးလိုက်ပါရဲ့ ရှုစမ်းပါ၊
(အို. . ဘယ့် )
လူလည့်ရယ်လို့ မပေးနိုင်တာ။

လူသူတကာသုံးစေဖို့ ၊ဖက်ဖူးညို ပြေပြေကောင်းတွေနဲ့
သနပ်ထောင်းသနော် ဆေးရိုးပါ၊
ပေကျောက်ပြင်မှာ ကောင်းစွာလိမ့်ပါလို၊့
အချိန်ခါဆောင် ဘယ်မသိုးပါဘ၊ု
အဖိုးတန် ငွေ ၂ပြားနှင့် ပေါင်းကြိုက်လျှင် မှာ။

မြေနုကျွန်းမှာတဲ့ စိုက်တဲ့မြေဇာ၊
ဖွံ့ထွားကာ အစေ့ညီတာမို့ ပင်စည်မှာထွား၊
ဖက်ဝါဝါ ရွှေပြောင်းဖူးပါတကား။

အကြောင်းရယ်သာ
ဆေးဖက်စုံ ထိုထိုဖက်လိပ်ကိုလ၊
အသုံးမှာ နတ်သုဒ္ဓါအတွေ့လိုသာမို့၊
ဒီဇမ္ဗူမှာ ရှားလောက်အောင်
(မယ်မင်း . . ရယ်)
အလိပ် တစ်ရာ ထပ်၍ ဆင့်ကာသာ ဝယ်ထား။
 :) :)
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်သည်
tvမှာလို သတိပေးစာပါတယ်နော် :)
                             ရွှေပန်းချီmdy
 
ဒီကဗျာလေးကို ရွှေ့အဖိုးက သနပ်ဖက်လိပ်ကြိုက်တဲ့အဖွားကို ရွှေနဲ့အတူစရင်းအပေါ်နှစ်ပိုဒ်လေးပြောပြတာကို ရွှေကစာအုပ်လေးထဲမှတ်ထားခဲ့တာပါပုံလေးတွေ့တော့ အဖွားချစ်နဲ့အဖိုးကိုလွမ်းလို့ဆက်ရေးပြီးတင်ပေးလိုက်ပါတယ်။ရေးပုံ ဟန်မကျပါက ခွင့်လွှတ်ပါရှင်

ညဥ့်သခင်ရဲ့ နှင်းဆီဝိုင်



  ညဉ့်သခင်ရဲ့ နှင်းဆီဝိုင်

အဲဒီညကပေါ့. . . . . . ကောင်းကင်ကိုဖက်တွယ်ပြီး
ကြယ်တွေကို ရေတွက်ဖို့
နှင်းဆီတပွင့်ကိုင်ပြီး ခုံတန်းလေးမှာ. . ထိုင်မိတယ်။

အဆိပ်တွေပါတဲ့ နှင်းဆီမှန်းသိရင်
ကိုယ်မရည်စူးခဲ့ပါဘူး. . . .
အခုတော့ တို့ထိမိတဲ့ကြယ်တိုင်း
မျက်ရည်ဝိုင်းကျန်ခဲ့တယ်. . . . . . ငါ့နှလုံးအိမ်မှာလဲ ဖြေဆေးမရှိဘူးလေ။

ပစ္စုပ္ပန်မှာ တွေဝေမိုက်မဲမှုကြောင့်
အနာဂတ်မှာ အဖြေတွေမရေရာစေတဲ့
သံစဉ်အိုညည်းချင်းက ကြယ်ကြွေခြင်းကို လေညှင်းလိုသယ်ဆောင်လာခဲ့တယ်။

ရှိပါစေတော့ သခင်ရယ်
ပေးဆပ်ခဲ့တဲ့ချစ်ခြင်း ဓားအစင်းစင်းနဲ့ တထစ်ချင်းဖွင့်ပြနေရင်း
ကြယ်လေးတွေကိုတော့. .. ရေတွက်နေမိဆဲပါကွယ်. . . ။
                               ရွှေပန်းချီmdy

လွမ်းသူရဲ့ပွဲ



လွမ်းသူ ရဲ့ ပွဲ

အတိတ်ကိုခင်
လွမ်းချင်လို့ တဆဲ။

ကျမျက်ရည် ထွေကာစီးတော့
ရင်မှာကွယ် ဖြေမရှိ
သိလျက်နဲ့ ပဲ။
                     ရွှေပန်းချီmdy

မင်းပုံပြင်



မင်းပြောတော့လဲ မင်းပုံပြင်ပေါ့##

လွမ်းတယ်တဲ့
ဟုတ်ကဲ့ . . . လွမ်းလိုက်ပါ။

မမေ့နိုင်ဘူးတဲ့
ဟုတ်ကဲ့ . . . . မမေ့လိုက်ပါနဲ့။

သတိရတယ်တဲ့
ဟုတ်ကဲ့ . . . . သတိရပေးပါ။

ဒါပေမယ့်နော်. . .
လွမ်းလိုက် မမေ့လိုက် သတိရလိုက်နဲ့
ပြောတတ်တဲ့ ပျားရည်သုတ်လိမ်း
နှုတ်ခမ်းစိမ်းကြောင့်
့ ဟုတ်ကဲ့. . . လိုက်ရင်း
ကျနော့်. . . မျှော်လင့်ခြင်းလှေကားကနေ အိမ်မက်တွေ ဒလိမ့်ခေါက်ခွေးဆင်းသွားတယ် . . ။

ပန်ထွာ အမုန်းစကား နှလုံးသားနဲ့ နာတော်မူ



ပန်ထွာ့ အမုန်းစကား. . နှလုံးသားဖြင့်နာတော်မူပါ ဘုရား. . .
မင်းဒွတ္တဘောင် အချစ်ကြီးလို့ ပန်ထွာပြည်ထီးကစည်ကြီးကိုဖောက်ခဲ့တာလား မောင်တော်. . . .
သို့ကလိုမဟုတ်ငြား. .
မိန်းမသားတိုင်းပြည် မင်းရေးမစည်ဘူး အထင်ကျူးလို့မင်းမှုးမတ်အကြံအတိုင်း ပန်ထွာသမိုင်းကို ရိုင်းစေခဲ့တာလား. . . .
ရုပ်ရည်ရူပကာအဆင်းမက ဘုန်းသဘာအချင်းလှရအောင်
အတိတ်အရင်ဘဝ မောင်, နှမတော် ဗိသနိုးနတ်သူတော်ကလက်ဆောင်နှင်း နတ်ထွင်းတဲ့စည်တော် ဟို, တောင်တခို ရေပြိုအောင်ကြားသမို့မြို့ပြင်ပတ်ရံလမ်း ရေကျုံးမှတ်စမ်းသတဲ့. . .

အဘယ်လိုပင် ဥာဏ်ရည်ဆန်းပေမယ့်
နှလုံးသားက ပန်းလိုဖြူ ကိုးကွယ်ရာ ယုံကြည်သူမို့သာသနာအရေခြုံမာယာအတတ်အောက်ကျရောက်ခဲ့တဲ့ ပန်ထွာပျို ရန်ပယ်ချောင်းလဲ ငိုခဲ့ရပြီ... .

ဒွတ္တဘောင်ဆိုတဲ့ မင်းအမောင်ရေ. . .

ဗိဿနိုးရဲ့ နန်းဦးကြမ်း အမောင်တက်လှမ်းပုံက ညှက်ညော
အပြောသီလာပုံနှောလို့
"ပန်ထွာ မျက်ရှု ၊ ပုလဲဥကို
တမ်းတမက်မော၊ မျှော်တော်ဇောဖြင့်
ခရီးကြမ်းကြမ်း၊ သွေမထမ်းဘဲ
အပြေးသော့လျှင် ၊ ဖူးရောက်တင်သည်
အကျွန့် သရေခတ္တရာ ပြည်တော်သာသို့ လိုက်တော်မူခဲ့စေလိုချင်"" တဲ့
စစ်နှိုင်သူစကား ပန်ထွာနားကို ခါးရည်လောင်းထည့် အသဲချက်မှာ ကြွေလျက်နာသည် အမုန်းရန်ကြွေး စေသောကြောင့်လေ. .

ဘုန်းမိုးအာဏာစက် လျန်းလျန်းတက်သည့် အရှင့်ပြည်သာ မနေရာလည်း. . တချိန်အခွင့်ကောင်း ပြန်လည်တောင်းဖို့ အကျွန့်အသက်မွေး ရေးရေးလေးတောင် မထင်မှားစေရဘူး
မာယာအထူးနဲ့ နန်းမိဘုရား ခစားလျက် သော်လည်း
ညတိုင်းမြင်ယောင်. . . . ဗိဿနိုးနန်းဆောင်က သွေးစစ်ပွဲ ဘုရားကျမ. . ဘယ်အသည်းနဲ့ ချစ်ရဲမလဲ ဒွတ္တဘောင်ရယ်. . . .

ကံကြမ္မာချားရဟတ်တပတ်ရယ်ကြုံဆုံပြန်ပေါ့. . . .

အချိန်သစ်ပြောင်းလို့ ပန်ထွာမယ် စိတ်ပြောင်းပြီထင်လေးနဲ့ နှစ်ကိုယ်စံ တောင်ညာခံမိဘုရား မင်းတရား ပြုစုဖို့ အမိန့်တော်စေတော့. .  
စိတ်မှာလေအကြံရ သုဿန်မြေ အထည်စနဲ့ ယက်ပေါင်းတဲ့မျက်ခြေလွှာ ကြောင့် ဘုန်းမှဲ့ရှင်ကွယ်ခဲ့ခြင်းအတူ
ဆက်သွင်းတဲ့ သကာရည် သံသယဇောတွေ စေပြီမို့
""မယ်မင်းအရင် သောက်တော်မူစမ်း"" ကမ်းလှမ်းလိုက်ပြီကောလေ.. .

အကျွန်မ ပန်ထွာ အဘယ်ဇာကို . . ကြောက်ရွံ့ လက်တွန့်နေပါ့မလဲ အရှင်ရယ်. . .
သည်းခြေကြွေပျက် ဗိဿနိုးနန်းထက်ကထဲက အသက်ခန္ဓာ မညီခဲ့တော့ပါဘူး. .
အကျွန်. . . . .ချစ်တဲ့နိုင်ငံ
အကျွန်. . . မြတ်နိုးတဲ့ ပြည်သူ
 အကျွန့်. . . . နှလုံးသားအဆူဆူ က သာယာအေးမိုး ကိုယ့်အမျိုးကိုယ်နိုင်ငံ တိုးတက်ရာပဲ ကြံခဲ့ပါလျက် သူတပါးတိုင်းအောက် မတရားဖိသွင်း မစာနာခြင်းကြောင့်
"**တုံ့လည်တုံ့လု ပြန်လည်ပြုဖို့ ပန်ထွာ အမုန်းသစ္စာ ကျိန်ဆိုပါသည်**
သံသရာတခွင် အနိုင်ပင်မရငြားပ ဤတပါးက ပေပင် အလျင်အညွန့်မကြီး ပင်စည်သေးသည် ဖြစ်ပါစေသား. . .
ပန်ထွာ့ အမုန်းစကား. . .
          ဒွတ္တဘောင် မင်းဘုရားရယ်. . . ကြားသိစေလော့ ကြားပါတော့လေ. . .
                         ရွှေပန်းချီmdy



၉ ဦးဇာနည် ဘာမထီ

၉ဦးဇာနည် ဘာမထီ. . . ရှင့်

** ရဲရင့်မှုမရှိပဲ အနှစ်တရာ
အသက်ရှင်ရထာထက်
ရဲရင့်မှုအပြည့်နဲ့ တစ်ရက်တာ
အသက်ရှင်ရတာက ပိုပြီးမြတ်ပါတယ်*
                            အရှင်ဆန္ဒာဓိက

၉ ဦးဇာနည်. . . ဘာမထီကို
လေးစားအားထား မြတ်နိုးကြားရင်း
ငါတို့ အချိန်တိုင်း သွေမဆိုင်းပဲ
ဦးညွှတ်မြဲ၏

၉ ဦးဇာနည်. . . ဘာမထီ၏
ရင်မှာစွဲမြဲ ထိုထိုဇွဲက
များလူစိတ်ထဲ ရစ်ဝဲကာပြု
နွေးထွေးကြည်ညို. . . ငါတို့ဆို၏

၉ ဦးဇာနည်. . . ဘာမထီ၏
ကျေးဇူးများက ပြည်မြန်မာရ
တသသတင် ပေးဆပ်ရှင် (များ)ကို
ငါလျှင်ဦးခိုက်. . . ကန်တော့လိုက်၏

၉ ဦးဇာနည် ဘာမထီ၏
ဇာတိမာန်မွေး ဗမာ့သွေးကို
နောင်လာလူပေါင်း. . . သိစေကောင်း၏

၉ ဦးဇာနည်. . . ဘာမထီကို
အာဏာတံတိုင်း တက်မက်လှိုင်းကြောင့်
လုပ်ကြံမှုရာ သိရပါတိုင်း
ငါတို့စိတ်သမိုင်း. . . . လွန်စွာမှိုင်း၏

အော်. . .
၉ ဦးဇာနည်. . . . ဘာမထီကို
လွမ်းတမျက်ရည် ဖြေမဆည်လဲ
သွေခွဲပွေလီ တေးမသီတော့ဘူး
တို့မြေ တို့ဆိုင် အပိုင်ပိုင်ရအောင်
သွေးညီညီနဲ့ လမ်းပြဆောင်လို့
လင်းရောင်နီ ဖွေဆီပေးပေ ပါ့
၉ဦး ဇာနည်လမ်း။
                       ရွှေပန်းချီmdy
                      17-7-2016

ဗေဒါ မယ်လေး


        ဗေဒါ. . .

ကန်ပြာပြာ ဗေဒါ ငယ်
ရေဇလာ ဝင့်။

ရွှေကြာမယ် ယှဉ်ကာတိုး
စိုးကြောက်တယ် ရှင့်။

                     ရွှေပန်းချီmdy

နမ်းခွင့်တရှိုက် ရခိုက်မှာ




နမ်းခွင့်တရှိုက်. . ရခိုက်မှာ

*****ဖူးသည့်တစ်ငုံ
    ထုံသည့်တစ်ပွင့်. . .
နမ်းခွင့်တရှိုက်
      ရသည့်ခိုက်မှာ. . . ****

မောင်
ကျမကလေ. . .
နှင်းဆီဆိုက သင်းကြည်မွှေးမြ
စွေးစွေးနီမှ. . .

စိန်ပန်းဆိုလဲ နွေနေနန်းမှာ
ပွင့်မာန်ကဲမှ. . .

သဇင်လိုချင်ချူ
ခတ္တာလိုချင်ခူး
သစ္စာတော်ဦး တစ်ဖွင့်ဖူးမှ
သဘောကျ. . သရှင့်

အခုတော့ . . . ဒီသရုပ် သူမဟုတ်ပြီ်
မနီသလို နီသလို . .
မချူသလို ကလူသလို. .
မလှမ်းဝင့်ဝင့် မကမ်းဆင့်မို့
ဇကောတင် ဇကာရွှေး
မောင် တွေးနေရင်
အချစ်ပန်း ဈေးနဲ့ ဝေးဝေးနေ. . .ရှင့်။

                          ရွှေပန်းချီ mdy
ဆရာမောင်စိန်ဝင်း၏ ချစ်သူသိစေ ကဗျာထဲမှ သိပ်လှတဲ့စာလေးနဲ့အတူ ဆင့်ပွား ခံစားရေးထားခြင်းဖြစ်ပါတယ်နော်။

မောင့် ဘရဏီ




             မေ ဘရဏီ

ကိုယ့်ရင်ထဲက ငုံနေတဲ့ ပန်းဖူး အရူးအမူးပွင့်အောင်
ဆတ်ကနဲ တောက်သွားခဲ့တာ
မင်းပါ. . . ဘရဏီ

ညဉ့်တိမ်လွှာအိမ်မက် ကယောက်ကရက်ဖြစ်အောင် အိပ်မွေ့တန်ခိုး အဆန်းဆန်းပျိုးခဲ့တာလဲ မင်းပါ. . . ဘရဏီ

ကိုယ့်နှုတ်ခမ်းက သွန်းချလာမယ့်
ရင်ခါးမြစ်တစင်းရဲ့ တုန်ရီသံတွေမှာ
ဝါကျချို့တဲ့ စေခဲ့တာလဲ
မင်းပါ. . . ဘရဏီ

ကိုယ်မျက်ဝန်းတစ်စုံရဲ့ အလင်းညွှန်းတန်း
ဆုံမှတ်တွေခန်းအောင် ညှိ့ချက်ကပြင်း
လောကအလှတခုလုံး သိမ်းသွင်းသွားတာလဲ
မင်းပါ. . . ဘရဏီ

ရှိပါစေတော့လေ. . . . . .
ကိုယ်ကတော့ မင်းဖန်ဆင်းပေမယ့် အနာဂတ်တစ်ခုမှာ ပါးချိုင့်လေးပေါ်ကခုန်ဆင်းလာမယ့် ပဉ္စလက်ရယ်သံနဲ့အတူ ကိုယ့်ဝိညာဏ်ကိုချော့သိပ်လိုက်တော့မယ် ဘရဏီ။
                            ရွှေပန်းချီmdy

အိုးးးမေဘရဏီ လို ရွှေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုးး
 သီချင်းပေးပြီး ပုံပို့တဲ့ ဝင်းဦးလင်း thitsar A Lin ကျေနပ်မယ်ထင်ပါရဲ့

ဆန္ဒမွန်ဖြင့်. .



 ဆန္ဒမွန်ဖြင့်. . .

လောကတံထွာ၊ လူတို့ရွာတွင်
ကပ်တွေကများ၊ ရိက္ခာဆွံ့ပါး
စာရေရှားသည့် ၊ တရားခံအား
ရှာကြပါလေ ရှာပါလေစို့။

တရားခံရှာက
လောဘစရိုက် ၊ ဒေါသလိုက်ကာ
ကိုယ့်ကောင်းစားဖို့ ၊ ငါတွက်သို့
ကိုယ်ကိုထိပါး ၊ အသက်တခြား
လုပ်ရဲသတ်ဖြတ် ၊ ထိပ်ဆုံးခတ်
တတ်ပရိယာယ် ၊ ဖန်နည်းသွယ်ဖြင့်
ငါကြွယ်ဝထား ၊ လူတပါးဟု
မလျှော့စိတ်ဓါတ် အပူဟတ်... .သရှင့်။

သူတပါးဝန်တို ၊ ဖျက်ဆီးလို၍
မကြံအပ်ကောင်း ၊ ကုန်စည်ရောင်း
ငါမျိုးငါ့ဆွေ ၊ ဝမ်းလှစေဟု
မလျှော့စိတ်ဓာတ် အပူဟတ်. . ရှင့်

သည်အပူအား ၊ တသောင်းများကြောင့်
တတ်သရွေ့ မှတ် ၊ တရားမြတ်မေ့
လောင်ငွေမီးတိုက် ၊ တဖြိုက်ဖြိုက်က
သဘာဝမိခင် ၊ သူ, ကဆင်သော
ရာသီလေမိုး ၊ ပြည်မဖြိုးဘူး
ငြိမ်နေရေထု ၊ လေမစုပဲ
တောတန်းမင်းတောင် ၊ အားလုံးမှောင်၍
လူဘောင်လောက ၊ ဒုက္ခများရ
ထောက်ဆဆင်ခြင် အတွေးဝင် . . .သရှင်။့

ပူတတ်မီးကြီး ၊ လောင်ပွားစီးလျက်
ူမေတ္တာဓာတ့်ခြုံ ၊ တရားဝတ်မှုန်
ထုံထုံကူးလူး ၊ ဝေသီဖူး၍
ငါတို့မြန်ပြည် ၊ သာဝေစီဖို့
လျှော့ကြ ဖြည့်ကြ ပေးယူမျှလျက်
ငါတို့အဖြေ ရှာကြစို့. . . ရှင့်။


Sent from my Huawei Mobile