Monday, August 8, 2016

ပန်ထွာ အမုန်းစကား နှလုံးသားနဲ့ နာတော်မူ



ပန်ထွာ့ အမုန်းစကား. . နှလုံးသားဖြင့်နာတော်မူပါ ဘုရား. . .
မင်းဒွတ္တဘောင် အချစ်ကြီးလို့ ပန်ထွာပြည်ထီးကစည်ကြီးကိုဖောက်ခဲ့တာလား မောင်တော်. . . .
သို့ကလိုမဟုတ်ငြား. .
မိန်းမသားတိုင်းပြည် မင်းရေးမစည်ဘူး အထင်ကျူးလို့မင်းမှုးမတ်အကြံအတိုင်း ပန်ထွာသမိုင်းကို ရိုင်းစေခဲ့တာလား. . . .
ရုပ်ရည်ရူပကာအဆင်းမက ဘုန်းသဘာအချင်းလှရအောင်
အတိတ်အရင်ဘဝ မောင်, နှမတော် ဗိသနိုးနတ်သူတော်ကလက်ဆောင်နှင်း နတ်ထွင်းတဲ့စည်တော် ဟို, တောင်တခို ရေပြိုအောင်ကြားသမို့မြို့ပြင်ပတ်ရံလမ်း ရေကျုံးမှတ်စမ်းသတဲ့. . .

အဘယ်လိုပင် ဥာဏ်ရည်ဆန်းပေမယ့်
နှလုံးသားက ပန်းလိုဖြူ ကိုးကွယ်ရာ ယုံကြည်သူမို့သာသနာအရေခြုံမာယာအတတ်အောက်ကျရောက်ခဲ့တဲ့ ပန်ထွာပျို ရန်ပယ်ချောင်းလဲ ငိုခဲ့ရပြီ... .

ဒွတ္တဘောင်ဆိုတဲ့ မင်းအမောင်ရေ. . .

ဗိဿနိုးရဲ့ နန်းဦးကြမ်း အမောင်တက်လှမ်းပုံက ညှက်ညော
အပြောသီလာပုံနှောလို့
"ပန်ထွာ မျက်ရှု ၊ ပုလဲဥကို
တမ်းတမက်မော၊ မျှော်တော်ဇောဖြင့်
ခရီးကြမ်းကြမ်း၊ သွေမထမ်းဘဲ
အပြေးသော့လျှင် ၊ ဖူးရောက်တင်သည်
အကျွန့် သရေခတ္တရာ ပြည်တော်သာသို့ လိုက်တော်မူခဲ့စေလိုချင်"" တဲ့
စစ်နှိုင်သူစကား ပန်ထွာနားကို ခါးရည်လောင်းထည့် အသဲချက်မှာ ကြွေလျက်နာသည် အမုန်းရန်ကြွေး စေသောကြောင့်လေ. .

ဘုန်းမိုးအာဏာစက် လျန်းလျန်းတက်သည့် အရှင့်ပြည်သာ မနေရာလည်း. . တချိန်အခွင့်ကောင်း ပြန်လည်တောင်းဖို့ အကျွန့်အသက်မွေး ရေးရေးလေးတောင် မထင်မှားစေရဘူး
မာယာအထူးနဲ့ နန်းမိဘုရား ခစားလျက် သော်လည်း
ညတိုင်းမြင်ယောင်. . . . ဗိဿနိုးနန်းဆောင်က သွေးစစ်ပွဲ ဘုရားကျမ. . ဘယ်အသည်းနဲ့ ချစ်ရဲမလဲ ဒွတ္တဘောင်ရယ်. . . .

ကံကြမ္မာချားရဟတ်တပတ်ရယ်ကြုံဆုံပြန်ပေါ့. . . .

အချိန်သစ်ပြောင်းလို့ ပန်ထွာမယ် စိတ်ပြောင်းပြီထင်လေးနဲ့ နှစ်ကိုယ်စံ တောင်ညာခံမိဘုရား မင်းတရား ပြုစုဖို့ အမိန့်တော်စေတော့. .  
စိတ်မှာလေအကြံရ သုဿန်မြေ အထည်စနဲ့ ယက်ပေါင်းတဲ့မျက်ခြေလွှာ ကြောင့် ဘုန်းမှဲ့ရှင်ကွယ်ခဲ့ခြင်းအတူ
ဆက်သွင်းတဲ့ သကာရည် သံသယဇောတွေ စေပြီမို့
""မယ်မင်းအရင် သောက်တော်မူစမ်း"" ကမ်းလှမ်းလိုက်ပြီကောလေ.. .

အကျွန်မ ပန်ထွာ အဘယ်ဇာကို . . ကြောက်ရွံ့ လက်တွန့်နေပါ့မလဲ အရှင်ရယ်. . .
သည်းခြေကြွေပျက် ဗိဿနိုးနန်းထက်ကထဲက အသက်ခန္ဓာ မညီခဲ့တော့ပါဘူး. .
အကျွန်. . . . .ချစ်တဲ့နိုင်ငံ
အကျွန်. . . မြတ်နိုးတဲ့ ပြည်သူ
 အကျွန့်. . . . နှလုံးသားအဆူဆူ က သာယာအေးမိုး ကိုယ့်အမျိုးကိုယ်နိုင်ငံ တိုးတက်ရာပဲ ကြံခဲ့ပါလျက် သူတပါးတိုင်းအောက် မတရားဖိသွင်း မစာနာခြင်းကြောင့်
"**တုံ့လည်တုံ့လု ပြန်လည်ပြုဖို့ ပန်ထွာ အမုန်းသစ္စာ ကျိန်ဆိုပါသည်**
သံသရာတခွင် အနိုင်ပင်မရငြားပ ဤတပါးက ပေပင် အလျင်အညွန့်မကြီး ပင်စည်သေးသည် ဖြစ်ပါစေသား. . .
ပန်ထွာ့ အမုန်းစကား. . .
          ဒွတ္တဘောင် မင်းဘုရားရယ်. . . ကြားသိစေလော့ ကြားပါတော့လေ. . .
                         ရွှေပန်းချီmdy



No comments:

Post a Comment