Wednesday, October 26, 2016

ကရုဏာ လမင်းသခင်မ

စနေနေ့လေးအတွက်ပါရှင်
ရွှေပန်းချီရဲ့ ၃နှစ်ပြည့် ကမ္ဘာပြုမိုးကြီးရွာလေဦး ဗုဒ္ဓစာပန်းချီနောက်ဆက်တွဲအဖြစ်ယသော်ဓရာ
မင်းသမီး၏ခံစားချက်ကလေးကိုတတ်သမျှအရာဖြင့်ရေးသားပူဇော်လိုက်ပါတယ်ရှင်

ကရုဏာ လမင်းသခင်မ

ကြီးစွမြင့်ခေါင် ဘုန်းရောင်ထွဋ်ထား
အတုမရှိနှိုင်းဆဖွယ်မရှိသော မြတ်စွာဘုရား. . . .

လေးသင်္ချေနှဲ့ကမ္ဘာတသိန်းကာလ
ဆံခြည်တစ်မျှင်မျှမလျော့သော
ကရုဏာပါရမီ ဖြည့်ကျင့်ရင်း အနီးအပါး မငြီးတွားခဲ့သူ
ယသော်ဓရာ မိန်းမသူပါဘုရား. . .

အရှင်ဘုရားရှိရာ ဗိုလ်ပုံအလယ် ဖူးမြှော်မဝင်ခြင်း မာနနဲ့ တင်းခြင်းမဟုတ်
သဗ္ဗညုတဥာဏ်တော်ရရေး သုမိတ္တာမလေး ဘဝကစ ကျေးဇူးတော်ခခဲ့သည့်အကြောင်
ဥဒါန်းတကြောင်းမျှ ကျန်နေစေလို ဘုရားကျမ အလိုတော်ပါဘုရား. . .

ဒီပင်္ကရာဘုရားမြတ်ထံ ပန်းရွှေကြာရှစ်ပွင့်
အထူးလှစ်ပြီး ဆုတောင်းဆုယူ နိယတဗျာဒိတ်တော်မူလျက် အထွဋ်အထိပ်အင်အား စိတ်နှစ်ပါးကား ကရုဏာတရား ပညာများပါဘုရား. . . .

ကရုဏာကို အစိုင်အခဲပြု ရပ်တည်မှုကပြင်ပ သဏ္ဍန်အမျိုးသမီးမှန်လျှင်
ပညာသဏ္ဍာန်က အမျိုးသား
လ နှင့် နေ နှစ်ပါးလို လောကကို အကျိုးပြု ကြမ္မာကိုထွင်းထုရာအစုံအင်းအားများပါဘုရား. . .

ဤသို့သောဖြစ်အင် သုမိတ္တာသခင်မလေး နိယတဗျာဓိတ်ရရေး ကရုဏာကိုစားလှယ် အသွယ်သွယ်သော သုခ ဒုက္ခ *အဒွိတ္တကို ပန်ဆင်
သိဒ္ဓကိုယ်တော် အရှင့်အလောင်းတော်ထိ
မငြိုငြင်သောမေတ္တာ သစ္စာတွေပေါင်းခက်
ခေမာသောင်နန်းထက်သို့ တက်လှမ်းချင်သူ
ယသော်တဆူပါဘုရား. . .

လောကကြမ္မာ ဖန်တီးစေရာ ကျွန်တော်မျိုးမတို့အစွမ်း မယွင်းသပါဝင်ဥဒါန်းတွင်ချင်၍ မဖွယ်သောအပြုအမူ
ထင်ရေးယူပါက အရှင့်ခြေအစုံ နဖူးကုန်တိုက်မိုး မျက်ရည်မိုးနဲ့ ဆေးကြော
ယသော့်အပြစ်တော် ခွင့်လွှတ်တော်မူပါဘုရား. .

မေတ္တာတော်ကြီးမား သည်းခံအားနှင့်
ကျက်သရေခန်းဆောင်သို့ အရံနှစ်ပါးနဲ့အတူကြွ
ကျေးဇူး ရှိဖူးတာသိမှတ်ပြု ကိန္နရီဝတ္ထုအကြောင်းခု၍
နန်းနိဗ္ဗာန်လမ်း မြင့်မြတ်ရာသောင်ကမ်းသို့ တက်လှမ်းဖို့ အရောက်ခေါ်ကျေးဇူးတော်အဟုန်
ဂုဏ်တော်အနန္တ ဦးတင်သလျက်
ကျွန်တော်မျိုးမ ယသော်ခင် အကြိမ်ကြိမ်ပင်
ရှစ်ခိုးလိုက်ရပါပြီ. . .

အတုမရှိနှိုင်းဆဖွယ်မရှိသော မြတ်စွာဘုရား.

ရွှေပန်းချီmdy
အဒွိတ္တ= သုခ ဒုက္ခ တသားထည်းထပ်တူမျှခံယူခြင်း

ဆရာဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ စာအုပ်မှ
ယသော့်စံနန်းကြွချီမြန်း စာပုဒ်လေးအားမှီငြမ်းပါသည်။

No comments:

Post a Comment