Tuesday, October 3, 2017
အချစ်လက်ဖြင့်...ချစ်၍ခေါ်ရာ
#အချစ်လက်ဖြင့်....ချစ်၍ခေါ်ရာလိုက်တော်မူပါ့
အကျွန်မလေ...
မြင်စဉ်ခဏတာလေး အကြင်နာဘေးကြောင့်
မယ်လေးဘဒ္ဒါ အမှားတရာနဲ့
ရင်လွှာဒဏ်ချက်က ဒီကမ္ဘာမှာဆပ်မဲ့ အချစ်ရဲ့ကျေးကျွန်ပါ...အမောင်သထ္ထုကရယ်
ဘဝအစ.....
ရာဇဂြိုလ်ကြီး သူဌေးသမီးနဲ့ နန်းတွင်းပရောဟိတ်သား
အမောင်ဖွားတို့ မွေးရက်အတူမှီ ဘက်ချင်းညီလည်း
လူဆိုးသထ္ထုက မွေးစမှာပင် လက်နက်ပေါင်းအရောင်ဖြာ
စောရနက္ခတ် ပါလို့ ကြမ္မာအရိုင်းက စေခိုင်းခဲ့လေသလား.......အမောင်
နေမင်းအစွယ် တောင်ကွယ်ချိန်လေး......
လေသာပြူတင်းက မြင်ရ အချိန်ကြုံ ၊နှလုံးသားအစုံ ရင်ပန်းတုံလို့
ရာဇဝတ်အပြစ်သား ရန်သူဟုယူမထားပဲ စူးနစ်အချစ်ဝင် သက်ဦးလင်မှတ်
ဝိပါတ်ရဟတ် မမြင်တတ်ခဲ့သည်ထိ အသိမဲ့ခဲ့သူပါလေ........
ကြင်စခင်စ မဝသေးခင်........
အမောင် သထ္တုက ပရိယာယ်စကား တမာပျားက
"မယ်လေး..ဘဒ္ဒါ ကြင်သက်လျာငယ်
အမောင်ယုံကြည်ထား နတ်ဘုရားကားစောရပပါတ တောင်တော်ထိပ်မှ
ဗလိနတ်စာကြွေးတုံ့လာ ဟု အမိန့်တော်စေ မှာတမ်းဝေသမို့
မောင်နှံနှစ်ဖော် ဝတ်သုံးတော်အကျရတနာစုံသ လှလှကလေး သွာကြမယ်..' တဲ့
တောင်ခိုးတောင်ဝေ ဟိုးအမြင့်ဘွေကား .....
ဘယ်ဆီဘယ်မှန်း ရော်ရမ်းကင်းပ အခင်းကာလမှာ
ချိုသာမျက်နှာ တခုချင်းခွာလို့ ရက်စက်ပုံမျိုး လူဆိုးထိပ်ခေါင်
ဘီလူးယောင်ပြ အစွယ်ချလာ အကျွန်မမှာ တုန်လှုပ်ပါရပြီကောလေ......
"မယ်မင်းဝတ်တန်ဆာ ရတနာကို အာသာမက်မော
လိုချင်စောလို့ ချစ်မှုထွေဆောင် မာယာတစ်ထောင်မက
ဟန်ဆောင်ပြတာ မယ်မင်းချစ်တာ ထင်လေသလား...ဟေ့!!
အခုပင်ချွတ်စမ်း...အချိန်မကမ်းလင့် သင်အား အသက်ချွေ ငါပြုလေ"...တဲ့
အကျွန်မ ရင်တွင်း မီးသင်းသင်းပူ လင်ယူအတတ်ကျူး
မိဘဒ္ဒါ မြေတွင်လူးစမ်း မျက်ရည်တွေပင်ခမ်းပါတော့ လေ...
ပါရမီဥာဏ်ဖြည့်ဘူးသည်မို့ ထိုတွင်တစ်ခဏ အကြံရလျက်
မိန်းမမာယာ ပလီကာပြုံး အချိုဆုံးနဲ့ ''မဘဒ္ဒါ ချစ်သခင်မှတ် အိမ်ဦးနတ်ရယ်
် ကြင်နာမဆုံး ရင်မှာထုံးတဲ့ နှောင်ကြိုးရုန်းမလို့ ဦးတင်နိမ်ချ ကန်တော့ပါရစေ ချစ်သက်ဝေ...ရယ်'
ထိုစဉ်တစ်ခဏ သူမေ့မောစဝယ်.......
ဒီလက်နှင့်ခေါ် ဒီချစ်ဖော်ကို ဒီလက်နဲ့ပဲ ဟိုးးဝဲချောက်တွင်း သက်ဆင်းစေရန်
အကျွန် ဖန်လိုက်လေပီကော...........
အချစ်အဆုံး အမုန်းမပါချင် အသက်ချင်းယှဉ်သမို့
ရက်စက်ခြင်း အမည်ကား မမှတ်သားပါနဲ့ အမောင်သထ္ထုကရယ်....
အကျွန်မ ဖြစ်အင် သံဝေဂဆင်လျက် အချစ်တဏှာပေမ လွန်ကြောက်လှရင်း လောကီကိုစွန့် နေရပ်ခွာစဉ် ရသေ့ဗရိဗိုဇ် တက္ကတွန်းကျောင်း
အပေါင်းမှားကာ ရောက်လာခဲ့ရ ထန်စေ့မှုတ်နှုတ် ဆံချအလုပ်ပြုပါလျက်လည်း နဋောင်းနှယ်ဖွယ် အသွယ် သွယ် ရှင်သန်ပေါက်သည်
"ကုဏ္ဍလကေသာ " အမည်တွင် သတည်း....လေ
ကျေးဇူးသခင် မိတ်ကောင်းအရှင်မှတ် သာရိပုတ္တာမထေရ်မြတ်က
လမ်းကောင်းလမ်းမှန် ညွှန်ရပ်သန်သော်..
အတိတ်တစ်ဘဝ ဗျာဒိတ်ခယူ မြတ်တဆူကား ပဒုမုတ္တဘုရား ဦးတင်ထားသည်
ခိပ္ပါဘိည =လျင်မြန်ရသည့် မဂ်ဖိုလ်ဆုထူး ပန်တော်ဖူးကြောင့်.......
ယခုဘဝ တလျှင် ဂေါတမဘုရားရှင်
လက်ထက်တွင်သ လေးပိုဒ်ဂါထါ အဆုံးအမမှာတွင်
အရဟတ္တဖိုလ်ဆိုက်ရောက်တော်မူသည်...
ခိပ္ပါဘိည =လျင်မြန်ရသည့် မဂ်ဥာဏ်အရာဝယ် အမြတ်သာဆုံး ဧတဒဂ်တည်း။ ။
(လျင်မြန်သောမဂ်ဖိုလ်ဥာဏ်အရာတွင် ဧတဒဂ်ရ အရှင်မ ကုဏ္ဍလကေသာထေရီမြတ်ကြီးအား ရိုသေဦးချပါတယ်ဘုရား။
ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော်ကြီးဘုရား၏ မြတ်ဗုဒ္ဓ၏ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်တော်ကြီးမှ မှတ်သားဖတ်ယူ သီဖွဲ့ပါသည်။
ဆရာတော်ကြီးဘုရားအား ရိုသေစွာကန်တော့အပ်ပါသည်ဘုရား)
ရွှေပန်းချီmdy
21082017
No comments:
Post a Comment