Wednesday, January 17, 2018
မတောင့်တသော...နှလုံးသားများ
ရွှေအနေနဲ့ အခုမှဒီပုံလေးကိုတွေ့လို့ ရေးဖြစ်သွားတာပါ။ ဘုရားကြီးသွားတိုင်း ပြတိုက်အဆင်း ခေါင်းလောင်းတိုင်တန်းနားက အဖွားတွေမြင်တိုင်း ရေးမယ်လို့ ရည်ရွယ်ခဲ့တာ ကြာပါပီ။ ပုံကိုလဲ မရိုက်ရက်တာရယ်ပိုက်ဆံလှူရင်း စကားပြောမိတော့..သားသမီး ခင်ပွန်းနဲ့ဆွေမျိုးမောင်နှမတွေအပေါ်မှာအပြစ်ရယ်လို့ တခွန်းမှ မဆိုတတ်ကြပဲ ကံတရားကိုသာ ပုံချတတ်သောအ အမေအရွယ် ၊အဖွားအရွယ်တွေကို
မြင်သိရတော့ စိတ်မကောင်းရပါတယ်။
ကွယ်လွန်ခဲ့တဲ့ မေမေကိုလဲ သတိရသလို ဇရာဆိုတဲ့နေကွယ်ချိန်မှာ မသိမမြင်နိုင်တဲ့လောကဓံ ကိုတွေးမြင်ရင် သတိသံဝေဂလဲ ရမိပါတယ်။
ရွှေတို့မေမေကိုတော့ ရွှေကခွန်အားရှိသလောက်ပြုစုလုပ်ကျွေးခဲ့ပါတယ်။ ဤမှန်သောသစ္စာကြောင့် ရွှေဘဝ ဇရာ ဗျာတိ မရဏအချိန်တွေကို အေးငြိမ်းစွာဖြတ်သန်း ပါရစေလို ဆုတောင်းလျက်ပါ။
ရွှေအမျိုးတို့လဲ သက်ရှိဘုရားဖြစ်တဲ့မိခင်များကို မြတ်နိုးတန်ဖိုးထား ချစ်ခင်နိုင်ပါစေလို့...နော်
#မတောင့်တသော.....
မေတ္တာနှလုံးသားပိုင်ရှင်
တကယ်တော့..အမေ့ကလေးတို့ရယ်
အပြစ်မတင်တတ်တဲ့ နှလုံးသား
အမေ့မှာ ကံတရားက မှားပြီးတောင် မပေးခဲ့ပါဘူး...
တကယ်တော့ အမေ့ကလေးတို့ရယ်..
သံသရာဝဋ်ကြွေး ဘယ်လိုပင်ပေးဆပ်နေရလဲ...တခါတလေမြင်ကွင်လေးကြောင့်
ရေးရေးမျှ အပြစ်မတင်ပေမယ့်
တွေးတွေးပြီးတော့ မျက်ရည်ဝဲတာပေါ့ကွယ်...
တကယ်တော့..အမေ့ကလေးတို့ရယ်
တနေ့သုံးခါတိုင်..သေမင်နဲ့ရင်ဆိုင်ကြရတဲ့ မွေးကိုယ်ဝန်လွယ်တုန်းကလဲ..
ဘယ်အမှုရယ်မထား ကြောက်အားတွေလုံးလုံးမရှိခဲ့ပေမယ့်...
အခုချိန် အရွယ်ဟိုင်း..သေမယ်လို့ကြံတိုင်း
အမေ့ရင်မှာမချိ..ဘယ်နေ့အထိ ဘယ်လိုနေ ဘယ်နေရာ..ဘယ်လိုသေရပါ့လို့..
အတွေးကပူ..အမေ့ရင်မယ်ဆူမိတယ်လေ..
တကယ်တော့...အမေ့ကလေးတို့ရယ်
မွေးမေတို့မေတ္တာလက်ကအပေးရယ်သက်သက်မို့..
အဆန်ရေကို မမျှော်လင့်.. အကျိုးခံစားခွင့်မယူပေမယ့်...
"လူအိုရင်တောင် ဒုတ်ထောက်"အကူရယူကြသလို...
ကျေးဇူးသိ လက်ကလေးတဖက်..မမျှော်လင့်တဝက်
မျှော်လင့်တဝက်နဲ့...ကူလေမလား..အိမ်မက်လိုဝိုးတဝါးပါကွယ်...
တကယ်တော့..အမေ့ကလေးတို့ရယ်
အမေတိုးတိုး နေ့စဉ်ဘုရားရှစ်ခိုးပြီးတိုင်း
မေတ္တာဝေ...
အမေ့ဘဝ ဘယ်လိုနေရ..နေရပါလဲ
အမေ့ကလေးတွေ အေးချမ်းပါစေ
ငြိမ်းအေးကြပါစေ ... ကွယ်။
ရွှေပန်းချီ(mdy)
မူရင်းပုံပိုင်ရှင်..ခွင့်ပြုပါရှင်။
No comments:
Post a Comment