Wednesday, July 11, 2018
မိုးခရေ..လမ်းခွဲ
#မိုးခရေ...လမ်းခွဲ
မိုးညနေကောင်းကင်ထဲတိမ်တွေ ငိုတဲ့နေ့ က,ပေါ့......
သံသယကြိုးတွေနဲ့ ချည်နှောင်မိကြတဲ့အခါ
အချစ်အင်ပါယာဟာ နေဝင်တော့မှာပါလား ဆိုတဲ့အသိနဲ့..
ကိုယ့်သိက္ခာ ကိုယ်မျှားကြရင်း
မာနပန်းခင်းမှာ လေပြေညှင်းတွေဝေးခဲ့ကြတယ်...
မျိုသိပ်ခြင်း ပြတင်းတံခါးတွေနဲ့
ခမ်းနားလှတဲ့ အိမ်မက်တွေ အိုဟောင်း သွားသည်ထိ ငါတို့နှလုံးသားက ရဲရဲဝံ့ဝံ့ လက်မခံကြတော့ဘူးဆိုတော့...
ဘာပြောမလဲ ချစ်သူရယ်...
ကိုယ့်ရာဇဝင် ကျောက်လွင်ပြင်ကိုချေမွ
ခရေခတဲ့ မိုးရေလမ်းမှာ မျက်ရည်တော့မကျပါနဲ့
ဆက်လျှောက်လိုက်ပါ..
နောက်လှည့်မကြည့်ကြေးပေါ့...
တိုက်ဆိုင်မှုရှိလာတဲ့ မိုးညနေခင်း များဆိုရင်....
သိပ်တော့မခက်ပါဘူး ချစ်သူရယ်
သတိရတိုင်း မျက်ရည်ဝိုင်းကြရုံပေါ့....နော်။
ရွှေပန်းချီmdy
မိုးကဗျာ (2)2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment