#သက်ရင့်ကြွေထိ...နေမချိချင်ငဲ့
ဘဝသခင် မင်းဆဒ္ဒန်အရှင်ရယ်.............
စိမ်းစိုသာမော၊ အင်ကြင်းတော၊
ကြာမျိုးငါးမြိုင် ၊ဆဒ္ဒန်အိုင်သာ
ကန်သာယာနဲ့ တောမျိုးငါးထောင်
တောင်မျိုးငါးလီ အုပ်စိုးပိုင်သည့်
မဟာသုဘဒ္ဒါရဲ့ ဘဝသခင် မင်းဆဒ္ဒန်အရှင်ရယ်.....
ဘဝေဘဝါကစ ပြုဘူးတဲ့ရေစက်၊ ထားဘူးတဲ့သစ္စာ ၊ကြင်ဘူးတဲ့မေတ္တာကြောင့် တွယ်တာရစ်နှောင်၊ သားမောင်တမျိုး ၊အားကိုးချစ်လင် ရင်တွင်စွဲကပ်၊
အသက်ထပ်လို့ မြတ်နိုးချစ်ခင်ရပါတယ် အမောင်....
အားခွန်ဗလပြည့်စုံလှနှင့် ၊အဆင်းသဏ္ဍာန်ကြီးမား၊ ဘုန်းကံများနှင့်၊ ငွေသားဘော်ခက်၊ ဖြိုးဖြိုး ထွက်သည့် စပယ်ဖူးငုံ၊ စွယ်တော်အစုံကြောင့် လွန်စွာတင့်တယ်
စုံမက်ဖွယ်မို့၊မဟာသုဘဒ္ဒါ ရိုသေချစ်ရပါသော ဆဒ္ဒန်သခင်ရယ်...
ရံရွေအပေါင်းနဲ့၊ ကတော်မယားနှစ်ပါးအလယ်အပေါ်၊ မတော်မတရား ၊ဘယ်အခါမှ အလိုမထားခဲ့၊ ရှာဘူး..
အစားဦး ပန်းချွေ၊ မျှတစွာလည်းဝေပါရဲ့
ချစ်တတ်ခဲ့သော မောင်မောင်ရယ်...
တစ်ခုသော ပြဿဒါးရက်က၊ မငဲ့ကွက်စွာ ရက်စက်မှုအဖြာဖြာကို၊သယ်လာခဲ့လေပီကောလေ...
ရေကန်အိုင်သာ၊ ကန်သာယာသို့်၊ဆင်အပေါင်းရံလျက်၊ ရေသုံးသဘင်ဆင်ယင်အလာ၊ လမ်းတခွာရောက် ၊ဆူးကနဲ အော်သံ ၊မောင်တော်ဟန်ကြောင့် ၊အသဲဆတ်ကနဲတုန်၊ အကျွန့်ရင်တွေခုန်လှချည်ရဲ့.....
"အလိုဘုရား..ဘုရား"
သခင်ဝမ်းတော်မှာ၊ မြှားတစ်ဖေါ်က၊ ထုတ်ချင်းဖောက်လို့ စူးကာဝင်၊ မင်းဆဒ္ဒန်အရှင်ရယ်က နေရာမှာဒူးထောက်၊ ဝေဒနာကိုမကြောက်တဲ့မြင်ကွင်း ၊အကျွန့်အသက်တွင်းတောင် ကုန်ချင်ပါရဲ့......
ဖေးမကာ ဘေးကူဖို့ပြင်၊ မောင်သခင်မိန့်စကား၊ မယ်ဘဒ္ဒါနား ခါးလိုက်ပါဘိ..
"မယ်မင်း..ဘယ်ဇာအရေး ၊ရန်သူကို ထွက်မပြေးအောင်၊ တစ်ယူဇနာကွာဝေးထိ လိုက်လံမဖမ်း ၊နေနိုင်စွမ်းလှတယ်..မိမိရယ်" တဲ့...
အဟိတ်တိရိစ္ဆာန်ဆိုစော်ငြား ၊ပါရမီတပါးကြောင့် ၊ဥာဏ်အမြင်စူး ''ဘယ်သင်းမြှားကမှ အဝေးမလာဘူး..သဘောက်သားမြှားစေသူ အနီးအပါးအောက်တဘူသာရှိမယ်..ဟဲ့''လို့ ကြုံးဝါးစဉ်...
ဘဝသခင် ထပ်ကာမိန့် "မဟာသုဘဒ္ဒါအလှ
ချစ်နှမရယ် ၊ချဘူးတဲ့ရေစက်ကြောင့်၊ ပေါင်းဆုံခဲ့တဲ့ ဘဝတိုင်း ၊မယ်မင်းမေတ္တာအတိုင်းအဆမရှိခဲ့ပါဘူး..အခုများတော့ ချစ်ထာပြယ် ၊ရန်သူနယ်ကို သွားရမှာကြောက်နေသလား"...တဲ့
အသဲသူမှာ ကမ္ဘာမီးမြှိုက်သလိုခံစား ၊မောင်တပါးစကားကပို၊ သခင့်အလိုတော်ပါလို့ ဦးတင်ရင်း ဝတ်ချ၊စိတ်ကတော့မဖြောင်စွာ ၊နောက်လှည့်အခါအခါနဲ့၊ မျက်ရည်မိုး ချိုးရင်းသာ အသာထွက်လှမ်း၊ ရန်သူတော်ဖမ်းခဲ့ရပါပေါ့..မင်းဆဒ္ဒန်ရယ်...
သခင်စေရာ၊ တစ်ယူဇနာက လှည့်အပြန်မှာတော့....
"အို....အလိုလေး..."
မြင်ရတဲ့မြင်ကွင်း ၊ရင်တလင်းကို မုန်တိုင်မွှေ ၊မခိုင်သည်းခြေ ပြတ်ရချည်ရဲ့...
သွေးအိုင်အတွင်းဝယ်၊ လဲကာခင်း၊ အစွယ်တစင်း အရင်းကပြတ်ပုံ..ဘယ်အခင်းကို မသိနိုင်၊ အကျွန့်ရင်တွင်းသာ၊ မြှားအစင်းစင်းခပါပေါ့..သောကမီးတောက်လောင်
အမောင်...အမောင်ရှင်ရယ်...
အချစ်ကြီးလှတဲ့ မယ်သုဘဒ္ဒါ
ဘယ်ဇာမျိုးနဲ့ဖြေ၊ ချစ်ဝဋ်ကြွေးတွေချေခဲ့လေသလား..
ဖူးစုံလက်တင်သား၊ ဖဝါးတော်ခြေရာထပ် အနားသော်မှ၊ တစိတ်မကွာ အရိပ်ပမာနေခဲ့သူအား ၊ ဘယ်အရားများနဲ့၊စိတ်တော်ဖြေ၊ အသက်ရင့်သက်ကြွေအောင် နေရပါ့မလဲ...
သခင်ဖြေလှဲ့..ဖြေလှဲ့ပါဦး
ဘဝသခင်..မင်းဆဒ္ဒန်အရှင်ရယ်.....
ရွှေပန်းချီ(mdy)
မြတ်ဗုဒ္ဓဝင်၏ မင်းဆဒ္ဒန်ဇတ်တော်မှမဟာသုဘဒ္ဒါဖက်မှ ရေးဖွဲ့ခံစားထာပါသဖြင့် အမှားအယွင်းရှိပါက ရွှေလေ့လာမှုအားနည်းချက်ပဲဖစ်ပါတယ်နော်။
No comments:
Post a Comment