Wednesday, October 26, 2016

ဆောင်းကဗျာ2016(1) အေးချမ်းပါရစေ. ... .ဆောင်းလေပြေရယ်




ဆောင်းကဗျာ2016(1)

အေးချမ်းပါရစေ. ... .ဆောင်းလေပြေရယ်

 
 
 ပြောပြစမ်းပါ. . .
့ ဆောင်းလေပြေရယ်
ဒီကောင်းကင်ရာသီပြန်ထဲ
ဘယ်လိုအတောင်ပံတွေနဲ့ ပျံတက်လာမှာလဲ. . .

ငါရဲ့ နွေးထွေးခြင်းမီးဖိုလေးနား မေတ္တားတရားတွေ
ထွန်းတောက်ဖို့ဖဲကြိုးပြာလေးတွေဖြတ်ခဲ့ပါတော့လေ. . .

မင်းလေညှင်းမခတ်မခြင်း ငါ့ပြူတင်းတွေကို မပိတ်ခဲ့သူမို့ တိတ်တိတ်လေးပြောပေးမယ့်
ခေါင်ရည် နဲ့ သဇင်ခိုင်တို့အနံ့တွေကို နားစွင့်နေမိပါရဲ့. .

ဟိုးမြောက်တရိုး လေတိုးလာတဲ့ အေးစက်တဲ့ယမ်းငွေနဲ့ အနောက်ဖက်နယ် လေခိုးသယ်မဲ့ ညှီရနံ့စွဲ မင်းဆောင်းဝတ်ရုံ ခြုံလွှာလေးအတွက် ဈေးကောင်းတော့မပေးချင်ပါဘူးကွယ်. . .

ဒါပေမယ့်လေ. . .
ချိန်ရာသီရောက်ရင် မင်းတခေါက်တော့ လာအုန်းမှာမို့ ငါတို့တွေ့ရင် အေးစက်စိုနေတဲ့ လက်နှစ်ဖက်ဆွဲ ဆုတောင်းပွဲလေး လုပ်ကြတဲ့အခါ'
'အေးချမ်းပါစေ အမိမြေ'' လို့
လှိုက်လဲစွာနဲ့ ဆုတောင်းပါရစေ .
ဆောင်းလေပြေရေ. . . .
ရွှေပန်းချီmdy

လမင်းငယ်. . . ဝမ်းမြောက်ပါစေသောဝ်




လမင်းငယ်. . .
ဝမ်းမြောက်ပါစေသောဝ်

ထမင်းရေချောင်းစီး၊ မြို့ကြီးအလှူ
ဗြောတီးစည်တီး၊ ဆိုင်းကြီး ဆိုင်းငယ်
အပြိုင်အသောင်း၊ ဝတ်ကောင်းစားလှ
စိန်ပြ ရွှေပြ ၊ လင်းလက်လှသည့်
ဒါန လှူမျိုး၊ ကြိတ်ကြိတ်တိုးမှ
တန်ဖိုမြင့်သည် ဆိုမလား. . .ရှင့်

ိစေတနာစိတ်၊ ကုသိုလ်ဟိတ်သည်
ဖြူစင်တံခါး၊ ဖွင့်သောငြားသို့
လှပကင်းစင်၊ လေကောင်းဝင် .. .သရှင့်

စေတနာအမှု၊ လုပ်ဆောင်စုသည်
သေးသောညောင်ရွက် ၊ ညောင်ပင်ခက်သို့
သဒ္ဓါခံ့ခိုင်၊ တုပနိုင်. . ရှင့်

သိုကလို၍
ပညာဒါန၊ မျှဝေသမည့်
သာသနာမည်၊ ဖြာဝေစီသို့
ရည်မျှော်စိတ်မှန်း၊ ဒါနခန်းကို
သာဓုလီလီ၊ ပန်းနှယ်သီ မိ
ညီမ(လမင်းလေး). . .
ဝမ်းမြောက်ပါစေသောဝ်. . . . ။
ရွှေပန်းချီmdy
ညီမလမင်းလေး(ခေတ္တ စင်္ကာပူ)လှူသော
-ဓမ္မကထိကသင်တန်းအတွက် စာအုပ်အလှူ
-ဓမ္မစကူးလ်အတွက်ငွေပဒေသာပင်အလှူ
အား သာဓုခေါ်ဆိုပေးနိုင်ပါစေနော်

ဒေဝစ္ဆရာ. . . နွယ်




ဒေဝစ္ဆရာ. . . နွယ်

နန်းဆန်ပ
လှမြတ်ဆင်း
လင်းလဲ့ကာ
ဖြာဝေစီ
ကြည်ရုပ်ဆင်း
သင်းပျံထုံ
စုံပွင့်ဖူး
ထူးပေဟန်
သဏ္ဍာန်ယူ
တူပေသား
မှားယူအပ်
နတ်ထံဖွား
(တစ်ပါး) ထိပ်ခေါင်
မှောင်ကေသာ
ဖြာကိုယ်လုံး
မှုန်းမှုန်းတင့်
(ခင့်)ကျက်သရေ
သွေမပျက်
နေချက်သန်
မြန်မာဆန်
ဟန်ပန်မှု
စုထိပ်တင်
ယဉ်သမျှ
လှပါရက်
ထက်နေခြည် ဆန်းစွလေး။

ထိုထက်မူ
ကူပြန်ငြား
ငါးသီလ
*ပဉ္စင်္ဂကို
ပိုစွာပ
* သဒ္ဒါထု
*သုစရိ
*တိက္ခသူ
ယူသည့်စိတ်
ထိပ်မြင့်ခေါင် မြတ်ကွဲ့လေး။
ရွှေပန်းချီmdy
*သဒ္ဒါထု= သဒ္ဒါတရားထုထည်ကြီးမား
*ပဉ္စင်္ဂကို= သီလငါးပါး
*သုစရိ= ကောင်းမြတ်သောအကျင့်
*တိက္ခသူ= ထက်မြက်သူ
အထက်ပါ ပါဌိစကားလုံးများမှာ မဃဒေဝလက်သစ်ခက်ဆစ်အဖြေစာအုပ်မှ ဖြစ်ပါသည်။

အမုန်းမဲ့ဒေသသို့. . ရွက်လွင့်ခြင်း




### အမုန်းမဲ့ဒေသသို့. . ရွက်လွင့်ခြင်း##

(အချစ်ရှိရာအရပ်ဒေသကို မျက်နှာမူဖို့
်ကိုယ်. . ကျန်းမာချင်ပါတယ် လို့
ကဗျာဆရာ ခွန်းညိုသွေးက ရေးခဲ့တယ်)

ကောင်းကင်သို့ မာနနဲ့ ဆတ်ကနဲ မော့ချင်ကြည့်ချင်သောနေ့ရက်များမှာ ရင်ဘတ်တနေရာမှ
စီးဆင်းနေတဲ့ခွင့်လွှတ်ခြင်းစမ်းရေအေး ထဲပန်းဖြူဖြူကလေးတွေ ချွေချနေမိတယ်

အတိတ်နဲ့ ပစ္စုပန်စီးချင်းထိုးတဲ့နေရာရဲ့အလယ်
ဘယ်လိုမှအမြစ်မတွယ်နိုင်သော
ကျောက်သားထက်မှာ မျှော်လင့်ခြင်း သစ်ပင်ကို စိုက်မိသွားတယ်

နားလည်ပေးခြင်းက လမင်းဖြစ်မယ်ဆိုရင်
ကန်ရေပြင်ထက်က အရိပ်ကိုဖမ်းယူထားပါလို့ ပြောမိခဲ့လေသလား

အလွမ်းတွေကမိုးနှောင်းလက်ကျန်အဖြစ်
တစ်ဘဝလုံး ထစ်ချုန်းခဲ့တယ်ဆိုစေအုန်းတော့ မယုံကြည်ခြင်း သံသယအစိုင်အခဲဖွဲ့တည်ထားတဲ့ မိုးရေဟာ ကိုယ့်ကိုကိုယ် မထိခိုက်ဖို့တော့တွေးကြမှာပါပဲ

မပိုင်ဆိုင်ခြင်းတွေ ကြီးစိုးနေတဲ့ ဒီသံသရာမှာ
လက်တစ်ဆုပ်စာ ပိုင်လိုခြင်းအတွက်
အဖူးအငုံဘဝနဲ့ ထုံကူးပေးခဲ့ဘူးပါတယ်
မင်းအတ္တတွေနဲ့ မတွေ့ခင်ထိပေါ့

အခုတော့လေ. . .
ဘယ်အရာမှကိုယ်လက်ထဲအမြဲမပိုင်ပါဘူးတွေးရင်း
အေးချမ်းစေတဲ့မိုးရေစက်များကြားထဲမျက်ရည်ပွင့်လေး နှစ်စက်တော့ရောပါသွားလေရဲ့

တခါကဖတ်ဖူးတဲ့ စာကဗျာရှင်ကတော့
''အချစ်ဆိုသောအရာက မျက်မမြင်ဆင်စမ်း သလိုကိုယ်ယုံကြည်ရာအမှန်ထင်တဲ့ ရှုထောင့်ကျဉ်းထဲကနေတခြားသူရဲ့ ကိုယ်ပိုင်အတ္တနဲ့ ရန်ဖြစ်ရန် စိတ်အရှုပ်ခံ အဖော်ညှိနေခြင်းမျှသာဖြစ် ပါတယ်''' တဲ့

ကဲ. . ချစ်သူရေ
ကျမလဲလေ
အချစ်ရှိရာဒေသကို မျက်နှာမူဖို့
ကျန်းမာချင်ပါတယ်လို့. . . နော်။
ရွှေပန်းချီmdy

(ခါတော်မှီ. .စာစီသချင်ပါရဲ့)့  ချစ်တဲ့. . . ငယ်ကျွမ်း




ခါတော်မှီ. .စာစီသချင်ပါရဲ့)
့ ချစ်တဲ့. . . ငယ်ကျွမ်း

 
 
 
ဝါကျွတ်ပွဲ
ကြုံနွဲရပြန်ပေပြီ။

ကြာစုံပန်းသာပ
ဆီမီးခန်းရယ် ဝေဝေမြိုင်နဲ့
တူပြိုင်ကာ မုနိဦးမှာကွယ်
ဖူးဖို့ စိတ်ရည်။

ရွှင်မအေးနိုင်ဘု
နေဝေးတဲ့ တပြေစီ
လာမည်ဖို့ မနီး။

ဆီမီးရယ် တဖြာ
ရည်စူးကာ စေတနာနဲ့
သွေမကွာ မာစေကြောင်းကိုဖြင့်
မီးရောင်ဝါ သာယာပေါင်းလို့ရယ်
(ငယ်ကျွမ်းရေ). . . တောင်းဆုမငြီး။
ရွှေပန်းချီmdy

ကျမ ဝိသာခါရဲ့. . . ၂၇ကုဋေကုန်.. . . ပုဗ္ဗာရုံ ရှင့်



ကျမ ဝိသာခါရဲ့. . .
၂၇ကုဋေကုန်.. . . ပုဗ္ဗာရုံ ရှင့်

ပေးကမ်းမှုအလှူ သူမတူသာပ
မွေ့လျော်ရာ ဧတဒဂ်ဘွဲ့ထူး
ကျမ ဝိသာခါ အဟုတ်ကျူးဟစ်လို့ ပြောပြချင်ရဲ့လေ. . .

ပဒုမုတ္တမြတ်ဘုရား တဆူက
ယူလာတဲ့ဆုထူးပန် ဗျာဒိတ်တော်ရယ်မှန်ပါကွဲ့
ဖန်လာခဲ့တယ်လေး .. .

ရှင်တော်ဂေါတမဘုရား လက်ထက်
အဖိုးမေဏ္ဍက အဖေဓနဉ္စယ
ရွှေအမည်သတဲ့ သူဌေးအကျော်မော်
မယ်တော်ရယ် သုမနမို့
ချစ်စရာအလှမငြီးဖွယ်
သမီးငယ် ''ဝိသာခါ''ခေါ်တွင်ခဲ့
ခုနှစ်နှစ်အရွယ်က 'သောတပန်' အမှန်ပင်မြင်အယူသန်မို့ လူမှန်နေရာမှန်သတဲ့လေ

ဝိသာခါ ဂေါရီအရွယ် လင်သယ်မှာ ပုဏ္ဏဝဍ္ဎ
ယေက္ခမက မိဂါရ၊ အခြေမကျတဲ့သွေဖန်
ဆွေသန်ကိုးကွယ်တာက အယူလွဲ
မဖောက်လွဲတဲ့ သောတပန် ဇွဲခံကာပြုပြင်လို့ တစ်စုမိသား ဗုဒ္ဓဘုရားသာ ကိုးကွယ်ခဲ့တော့
အမြင်မှန်လမ်း ပြလို့ဆောင် နာမည်တန်ဆောင် က မိဂါရမယ်တော်တဲ့လေး. . .

အတိတ်ဆီက ကုသိုလ်ဟိတ်
သီလာတာက အားမာန်ကြီး ဇရာမီးလဲ အံတုနိုင်
ထ,ထိုင်မှမြေးနဲ့ကွဲအရွယ်သုံးပါးစည်းမခြားပါဘူး၊
ထူးသည့် လဒ်ပဲ. . .

အဆင်တန်ဆာ မဟာလတာသည်က
*ရတနာမျိုးစုံ စုပေါင်းရုံ တန်ဖိုးရယ်ကုန် ကိုးကုဋေ တသိန်းထိုက်သား. .
တနေ့များမှာတော့ ဇေတဝန်မှာ မေ့ကာာကျန် ကျောင်းပစ္စည်းဖန်တာမို့
ထုခွဲကာ ကျောင်းတော်ဆောက်
မြေယာပေါက်တာက ကိုးကုဋေ
ကျောင်းတော် ကလဲကိုးကုဋေ၊
ကျောင်းဆောင်တော် ရေစက်ပွဲ ကုန်မြဲလဲ ကိုးကုဋေမို့ ၂၇ ကုဋေသော ကုန်ကျပုံ''ပုဗ္ဗာရုံ ''ကျောင်းအမကြီး ပီတိတွေအဟုန်ကြီးမားခဲ့
အလှူအရာ အမြဲမဝ
မိုးလေးလကုန် အဖိုးတစ်ထောင်သော် သင်္ကန်း၊ စတုမဓုဆေးလဲ ကပ်လှမ်းပါရဲ့
မှတ်စမ်းပါကွဲ့ စေတနာဟုန်
ပြောပြောလို့သာ မကုန်နိုင်ပါအံ့လေးး

လေးလာအကြာ ကျောင်းတော်အပြီး
*နိဗဒ္ဓကုသိုလ် တထမ်း
*အာဂန္တုဆွမ်း၊ *ခရီးသွားဆွမ်း နဲ့ အာရုဏ်စာ သာသနာအတွက် အထောက်အပံ့ တသွယ်
နေ့ခင်းဝယ် ဆွမ်း ကွမ်းများ၊ မွန်းတိမ်းချိန် တခါသွားလို့ တင်လဲနဲ့ ထောပတ်ဆီ . . . ပျားရည်ညီ အဖျော်နဲ့ သာမို့
တစ်နေ့ဆီ သုံးမည် သုံးခါကျ ပုဗ္ဗာရုံအလှသို့ ရောက်ရတယ်
ကျမ ကျောင်းတကာမကြီးးးး

သို့ကလို့ရယ် . . .
အမည်တပါး ထင်ရှားလို့ဘုရားပေးတယ်
''စွန့်ကြဲအရာ လှူဒါန်းခြင်းမှာ နှစ်သက်ရင်းနဲ့ မွေ့လျော် ဇဗ္ဗူပေါ် လူတူရှားမည်ပ မိဂါရမယ်တော် ဝိသာခါ ကျောင်းအမ
ဧတဒဂ်ဘွဲ့ထူးပင် ရခဲ့ပါသလေးးး။
ရွှေပန်းချီmdy
*မဟာလတာ တန်ဆာ= မာလိကတန်ဆာလည်းခေါ်ပါတယ်
ရွှေငွေကျောက်သံပတ္တမြားအစုံဖြင့်ရက်လုပ်သောအကျီဖြစ်ပြီး အဖိုးကိုးကုဋေနဲ့ တစ်သိန်းရှိပြီး အလွန်လေးသော်လည်း ဝိသာခါသည် ဆင်မြောင်ငါးစီးအားရှိသောကြောင့်ဝတ်ဆင်နိုင်သူဖြစ်ပါတယ

နိဗဒ္ဓကုသိုလ် =တနေ့သုံးခေါက်မျှလှူဖွယ်များနှင့် နေ့စဉ်မပျက်ကျောင်းသွားသည့်ကုသိုလ်
*အာဂန္တုဆွမ်း၊ =တရပ်ခြားမှ ရဟန်းများအတွက် နေ့စဉ်ဆွမ်းကပ်သူ
*ခရီးသွားဆွမ်း = သာသနာပြုရန်အတွက် ခရီးရှည်ထွက် ရဟန်းများအတွက်လည်း စာရေရိက္ခာ
စီစဉ်အလှူပေးသောသူ

90ဒီဂရီ ရဲ့. . .ဆုံမှတ်



90ဒီဂရီ ရဲ့. . .ဆုံမှတ်

လက်ခံမိတဲ့ ကံကြမ္မာထောင့်ချိုးမှာ
ခပ်တိုးတိုးလေး ထိုင်ပြီး အကောင်းဆုံးကို
ကိုယ်တဖွဖွ မတောင့်တခဲ့ပါဘူး. . . ချစ်သူ

ခါးနေလို့လဲ မပစ်နိုင်သလို
ချိုတွေ့လို့လဲ မသစ်နိုင်သူပါ
ခါးရင်ခါး ချိုရင်ချို လိုသလိုက် ပေး
ဘဝအတွက်ရွေးထားခဲ့တာပါ. . .ချစ်သူ

ဒါပေမယ်. .
နှလုံးသားကို ဆေးသွင်း
မာနတရားကို အရောင်လင်းပြီး
ပြတိုက်ထဲသွင်းထားခဲ့တဲ့ အချစ်ဆိုရင်တော့

ချစ်သင့် မုန်းသင့် ထောင့်ဖြတ်မျဉ်းရဲ့
တစ်ဖက်တစ်ဝက်ဆီမှာ ခြေတစ်ဖဝါးစာကျော်ဖို့
မိုက်မိုက်မဲမဲ ရူးသွပ်နေမိမယ်ဆိုတာကိုတော့
ကိုယ် ဝန်ခံလိုက်ပါရစေ. . ချစ်သူရေ။
ရွှေပန်းချီmdy

မပြည့်တဲ့. . . စကား နာကြားပေးပါ

 
မပြည့်တဲ့. . . စကား
နာကြားပေးပါ

အို. . .ခက်. .ခက်နိုင်ရော့မလား။
လူ့လောက သံသရာနယ်၊ခန္ဓာသည်ဒုက္ခ
ဆရာ့ ဆရာတွေပြသော်လဲ၊ ငါစွဲကလေးက မခွာချင်။

 
နိဗ္ဗာန်သာ သံဝေတေးတွေနှင့်၊
ဖန်ဆိုပေး မလွယ်ထင်
ီဘဝကို ခင်တွယ်မိသူဖြင့်၊ အသိဥာဏ်ဆိုက်မပွားနိုင်ဘု့ တရားကမခင်။

အိုလေး လေ့. . မုန်း. . မုန်းနိုင်ရော့လား။
တသက်မမုန်းပါဘု၊ ဘုန်းမောင့်ဆွေ အညာပလီစကားတွေက၊ နာဆီနားလွင့်ပါ
လေယူရာပျော်ပျော်နွဲတာကြောင့်
ပုထုဇဉ် မေခင် ကျမမှာဖြင့်
နွယ်မိတဲ့ သံယောဇဉ်၊ ဘဝင်တွင်စိတ်ပြေး။

အိုလေးကွယ်. . ရုန်း. .ရုန်းနိုင်ရော့လား။
လောကီသားပေမို့၊ ကိုယ်စိတ်လှေ ကိုယ်ထိုးလို့ထွက်ကန်လဲ်
အသက်ဆွေရယ် ရက်နေမကြာရှည်ပါနဲ့
မှာတထွေ စာရှည်ထပ်ပါးပြန်တော့
ဤလူ့ဘောင် ဝဲသြဂမှာ
ပတ်ချာလည် အဘယ်မှာ ရုန်းနိုင်ပါ့
ကြည်မဂ္ဂင် ရေချိုအိရယ်
ဝေးပြန်ပေါ့လေး။
ရွှေပန်းချီmdy
ရွှေ တရားစခန်းထွက် အမှတိတရ ရှေးတုန်းကပုံစံလေး ရေးကြည့်တာပါ။ အဆင်မပြေပါက ခွင့်လွှတ်ပါရှင်

ချစ်တဲ့သူငယ်လေ. .


 
 
ချစ်တဲ့သူငယ်လေ. . . သူငယ်ချင်းကောင်းယောင်းမတို့လေး။

ရက်သီကာကြာခဲ့၊ ငယ်ချင်းတွေနေတဲ့
Fb ကဗျာအိုင်တဖွဲ့မှာ၊ ဖဲခွာနေလိုလှမ်းခဲ့တယ်။

လူမှုရယ်မှ အလွန်များ ရှောင်တခင် အဆင်မသင့်၍
ကလောင်ပင် မဝင့်သော်၊မှိုင်ရေး ဘယ်နှယ့်ပျော်ပါ့မယ်။

နောက်တဖန်
နေရေးရယ်ချို့တဲ့၊ ဆေးကူ ဘေးလူပါမနေရ
အမှုနှောလို့ မပြောလိုက်လို
ရွှေမေခင် ဘဝနလန်ထမို့ ကဗျာတခင်း မဖန်ဆင်းနိုင်ပါဘု
တစ်ကိုယ်ချင်းလျှင် ခြေဆင်း၍သာ ငိုချင်ပါ့လေး. . . ။
ရွှေပန်းချီmdy

သဒ္ဒါတူညီပါလှဲ့. . .မောင့်မယ်မဒ္ဒီငယ်

 
 
သဒ္ဒါတူညီပါလှဲ့. . .မောင့်မယ်မဒ္ဒီငယ်

အကျွန့်မျက်ရှု နုဖူးသီမြ
ပုရိသတွေစိတ်နှလုံး ယိုဖုံးညွတ်နူး
ယစ်မူးအောင်လှပ အဆိုရှိထား
''မယ်မဒ္ဒီ'' နှမ အလှတပါးရယ်. . .

'မင်းဝေဿန်'ပညတ် အကျွန့်နာမဖြင့်
အကကလေးငယ် ငယ်ရွယ်သည်မှ ထက်ကြပ်မကွာ ပါလာသည်က ပေးကမ်းမှုအစုစုလှူဒါန်းပြုက နှလုံးစိတ်ဝမ်း အလွန်အေးချမ်းပါ့ မောင့်နှမငယ်. . .. . .

မင်းမာတာမိခင် ရွှေရင်ခွင်ထက် နို့ချိုသောက်တုန်း မယ့်ဘယက်ကုံးအား ဆွဲကားချွတ်ယူ အနားသူမယ်ကို ပေးသော် 'တ ခစ်ခစ်' ရယ်ရွှင်မြူတူး လူသူတော်ထူးပါပေ့ ဆိုထားကြတယ် နှမငယ်ရဲ့. . . .

အချိန်ကာလ လွန်မြောက် စေတုတ္တရာပြည့်ရှင် မင်းမြတ်သခင်ရောက်
နှုတ်သည် 'စေ'တစ်လုံး အသုံးပြုငြား မယ်မင်းနဲ့သမီးသား မထည့်အားပဲ ပြည်ကားပြည်သူ အဆူဆူကို သုံးစေ စားစေ ခံစားစေ ပျော်ရွှင်ပါစေ အမောင့်အမှု သာဓုခေါ်ပါ မယ်မဒ္ဒီရယ်. . .

ထိုများမက ရွှေတိုက်ငွေတိုက် တခါးသိုက်တို့ အမြဲဖွင့်လှစ် ပေးကမ်းလှူဒါန်းပျော်မွေ့စမ်းလှ
ခြောက်ဆောင် အလှူဇရပ် မပြတ်ထပ်လျက်
ခြောက်သိန်းဥစ္စာ နေ့စဉ်မှာလို့ တလခြောက်ကြိမ် နန်းမြို့ပြင်သို့ ဆင်ဖြူပစ္စယ ဆင်ယဉ်ကလျက် သဒ္ဒါဖွေးဖြူ ပေးလှူရကား မောင်ဘုရားမှာ. .
ဆန့်တန်းတောင်းခံ လက်ဗလံများ. . .
ဖွင့်ဟတောင်းယူ ခွက်ပလောင်းစုံများ. . .
ပေးပါကူပါမြှောက်ကာ ပြယူ အိပ်စလွယ် အဆူဆူကြား 'ရော့ကား အင့်ကား' လက်လွတ်ပေးချိန် ဆန္ဒအရှိန်ကား နှလုံးပီတိဂွမ်းဆီတမျှ နေမိရတယ် မယ်မဒ္ဒီငယ်. . .

သိုပါ၍လည်း မောင်ဘုရားအလှူ ပြည့်သည်မယူသေး. .
ရှစ်နှစ်သားအရွယ်စ ဆန္ဒငယ်က အသွေးအသား ခန္ဓာ လိုမယ်လာက ထုတ်ကာပေးယူလှူချင်သမို့ နောက်များ နောက်နောင် အသက်စည်းစိမ်တောင်စွန့် မြတ်သောအလှူဖြစ်က မောင့်ရဲ့သမီးသားချစ် သွေးသားစစ်နှင့် မောင့်မိဘုရား အလှတပါးအား ပါရမီတော် ရည်သန်တော်မူလို့ လှူခြင်းအမှု ဖြစ်ခြင်း မယ်မငြင်းပါနဲ့
ရွှေစိတ်တော်ဖြူ ညွှတ်နူးတော်မူပါငဲ့

အကျွန့်မျက်ရှု နုဖူးသီမြ
မယ်မဒ္ဒီနှမ အလှတပါးရယ်. . . . .
ရွှေပန်းချီmdy

ရွှေ မင်းဝေဿန္တရာရဲ့ ခြောက်ဆောင်သောအလှူမဏ္ဍပ်အကြောင်းရေးခိုင်းတဲ့ ဦးလေးမြကို ကျေးဇူးတင်ပါရစေနော်
စာပန်းချီ ရှည်မှာစိုးလို့ ဆင်ဖြူတော်လှူခါန်းလေး ဖြုတ်ထားခဲ့ပါတယ် နောက်များမှထပ်တင်မယ်နော်။
feeling special with Naing Tun, Khin Cho Win, Nwe Lay and 23 others.

ကရုဏာ လမင်းသခင်မ

စနေနေ့လေးအတွက်ပါရှင်
ရွှေပန်းချီရဲ့ ၃နှစ်ပြည့် ကမ္ဘာပြုမိုးကြီးရွာလေဦး ဗုဒ္ဓစာပန်းချီနောက်ဆက်တွဲအဖြစ်ယသော်ဓရာ
မင်းသမီး၏ခံစားချက်ကလေးကိုတတ်သမျှအရာဖြင့်ရေးသားပူဇော်လိုက်ပါတယ်ရှင်

ကရုဏာ လမင်းသခင်မ

ကြီးစွမြင့်ခေါင် ဘုန်းရောင်ထွဋ်ထား
အတုမရှိနှိုင်းဆဖွယ်မရှိသော မြတ်စွာဘုရား. . . .

လေးသင်္ချေနှဲ့ကမ္ဘာတသိန်းကာလ
ဆံခြည်တစ်မျှင်မျှမလျော့သော
ကရုဏာပါရမီ ဖြည့်ကျင့်ရင်း အနီးအပါး မငြီးတွားခဲ့သူ
ယသော်ဓရာ မိန်းမသူပါဘုရား. . .

အရှင်ဘုရားရှိရာ ဗိုလ်ပုံအလယ် ဖူးမြှော်မဝင်ခြင်း မာနနဲ့ တင်းခြင်းမဟုတ်
သဗ္ဗညုတဥာဏ်တော်ရရေး သုမိတ္တာမလေး ဘဝကစ ကျေးဇူးတော်ခခဲ့သည့်အကြောင်
ဥဒါန်းတကြောင်းမျှ ကျန်နေစေလို ဘုရားကျမ အလိုတော်ပါဘုရား. . .

ဒီပင်္ကရာဘုရားမြတ်ထံ ပန်းရွှေကြာရှစ်ပွင့်
အထူးလှစ်ပြီး ဆုတောင်းဆုယူ နိယတဗျာဒိတ်တော်မူလျက် အထွဋ်အထိပ်အင်အား စိတ်နှစ်ပါးကား ကရုဏာတရား ပညာများပါဘုရား. . . .

ကရုဏာကို အစိုင်အခဲပြု ရပ်တည်မှုကပြင်ပ သဏ္ဍန်အမျိုးသမီးမှန်လျှင်
ပညာသဏ္ဍာန်က အမျိုးသား
လ နှင့် နေ နှစ်ပါးလို လောကကို အကျိုးပြု ကြမ္မာကိုထွင်းထုရာအစုံအင်းအားများပါဘုရား. . .

ဤသို့သောဖြစ်အင် သုမိတ္တာသခင်မလေး နိယတဗျာဓိတ်ရရေး ကရုဏာကိုစားလှယ် အသွယ်သွယ်သော သုခ ဒုက္ခ *အဒွိတ္တကို ပန်ဆင်
သိဒ္ဓကိုယ်တော် အရှင့်အလောင်းတော်ထိ
မငြိုငြင်သောမေတ္တာ သစ္စာတွေပေါင်းခက်
ခေမာသောင်နန်းထက်သို့ တက်လှမ်းချင်သူ
ယသော်တဆူပါဘုရား. . .

လောကကြမ္မာ ဖန်တီးစေရာ ကျွန်တော်မျိုးမတို့အစွမ်း မယွင်းသပါဝင်ဥဒါန်းတွင်ချင်၍ မဖွယ်သောအပြုအမူ
ထင်ရေးယူပါက အရှင့်ခြေအစုံ နဖူးကုန်တိုက်မိုး မျက်ရည်မိုးနဲ့ ဆေးကြော
ယသော့်အပြစ်တော် ခွင့်လွှတ်တော်မူပါဘုရား. .

မေတ္တာတော်ကြီးမား သည်းခံအားနှင့်
ကျက်သရေခန်းဆောင်သို့ အရံနှစ်ပါးနဲ့အတူကြွ
ကျေးဇူး ရှိဖူးတာသိမှတ်ပြု ကိန္နရီဝတ္ထုအကြောင်းခု၍
နန်းနိဗ္ဗာန်လမ်း မြင့်မြတ်ရာသောင်ကမ်းသို့ တက်လှမ်းဖို့ အရောက်ခေါ်ကျေးဇူးတော်အဟုန်
ဂုဏ်တော်အနန္တ ဦးတင်သလျက်
ကျွန်တော်မျိုးမ ယသော်ခင် အကြိမ်ကြိမ်ပင်
ရှစ်ခိုးလိုက်ရပါပြီ. . .

အတုမရှိနှိုင်းဆဖွယ်မရှိသော မြတ်စွာဘုရား.

ရွှေပန်းချီmdy
အဒွိတ္တ= သုခ ဒုက္ခ တသားထည်းထပ်တူမျှခံယူခြင်း

ဆရာဦးရွှေအောင်၏ ဗုဒ္ဓ (သို့) အနှိုင်းမဲ့ စာအုပ်မှ
ယသော့်စံနန်းကြွချီမြန်း စာပုဒ်လေးအားမှီငြမ်းပါသည်။

သိခဲ့ပြီ


        သိခဲ့ပြီ
 
 
လျှပ်တပျက်တခဏ
လူသားတစ်ယောက်ဘဝ
ကြီးကျယ်မြင့်မြတ်သော တန်ခိုးကို ငါသိခဲ့ပြီ

အကျိုးမဲ့ နေထိုင်တဲ့နေ့တွေနဲ့
အကျိုးပြု နေထိုင်တဲ့နေ့တွေလဲ အသက်ရူ
ရှင်သန်နေထိုင် နေကြတာပါပဲ

သို့သော်
ငါ့လက်များအတွင်းမှ ပေးစေနိုင်သော
အလင်းတခု
ငါသိခဲ့ပြီ။

ခက်ခဲတဲ့ အသက်ရှုသံ
တွယ်ဖက်နေသေးတဲ့
ဘဝတဏှာလူသားတစ်ဦး
အမှောင်ညများအတွင်း
သေမင်းနဲ့စစ်ခင်းသော သူအား
ကဗျာရေးတဲ့ ငါ့လက်
လူ့အသက်တဖက်ကို ဆွဲဆုတ်နိုင်ခဲ့တယ်။

ငါ့နှလုံးသားထဲက သွေးတစ်စုနဲ့
ကမ္ဘာမြေကြီးက ထမ်းပိုးထားတဲ့ကျေးဇူး
အနည်းငယ်မျှ ပြန်ဆပ်နိုင်ခဲ့ပြီလေ. . .
ငါ. . . သိခဲ့ပါပြီ
ရွှေပန်းချီ