Monday, February 19, 2018
နှလုံးသားကို ချော့တဲ့တေး
#နှလုံးသားကို ချော့တဲ့တေး
တိမ်ပလီတွေ ကင်းစင်နေတဲ့
ကောင်းကင်ကြီးပြာကို မြင်လိုက်ရတယ်
ကျေးဇူးပါ တစ်ခဏပေမယ့်...
ကောင်းကင်ကြီးကတော့
အပြာရောင်ပြုံးနေဆဲမို့ ---
လေပြေလေညှင်းလေး ပြေးလာအချိန် သင်းပျံ့ တဲ့ ရနံ့တချို့ ရလိုက်တယ်
ကျေဇူးပါ...
တစ်ခဏပေမယ့်
ပန်းကလေးတွေ
ကတော့
ပွင့်နေကြဆဲမို့ ---
ဆူညံသံတွေ တိတ်ဆိတ်တဲ့ အခိုက်
သာယာတဲ့သံစဉ်တချို့ ငါကြားလိုက်တယ်
ကျေဇူးပါ ...တစ်ခဏပေမယ့် ညငှက်က
လေးတွေလည်း
တေးဆိုမြဲမို့ ---
အတိတ်၊ ပစ္စုပ္ပန်...ဝမ်းနည်း၊ပျော်ရွှင်
ရယ်မော၊ငိုကြွေး...အနိုင်၊အရှုံး
တဒင်္ဂ နဲ့ ထာဝရ....ကန္တာရ နဲ့ အိုအေစစ်
နိဒါန်း နဲ့ နိဂုံး...ဖြောင့်မတ် နဲ့ ကွေ့ကောက်
အရှေ့ နဲ့ အနောက်...စစ် နဲ့ ငြိမ်းချမ်းရေး
အဓိက နဲ့ သာမည...လှုပ်ရှား နဲ့ ငြိမ်သက်
ရန်သူ နဲ့ မိတ်ဆွေ...လောကီ နဲ့ လောကုတ္တရာ
မွေးဖွားခြင်း နဲ့ သေဆုံးခြင်း...
အချစ် နဲ့ အမုန်း
နောက်ပြီး.... မောင် နဲ့ ကျွန်မ
ဆန့်ကျင်ဖက်တွေ ဖြီးလိမ်းထားတဲ့ ဘဝထဲ
နှလုံးသားက တမ်းတခြင်းတွေကို သင်ယူခဲ့ရတယ်...
မကျေနပ်ခြင်းရှိမနေပဲ ကျေနပ်ဆဲပေါ့...
တစ်ခဏပေမယ့်...နှလုံးသားကို ချော့သိပ်လိုက်တယ်..
"အိပ်တော့နော်".....။
ရွှေပန်းချီ(mdy)
ညီမလေး..သို့
Happy Birthday ပါ ဇာမဏီ (ကြယ်ကလေး)😁😁
#ရွှေညီမလေး...သို့
စွယ်တော်ပမာတွေးလို့
ညီမလေးလို ချစိတတ်သူ..။
ဖြူစင်ကာမွှေးလို့
စပယ်လေးလို အပြစ်ကင်းသူ..။
တစ်မြေတစ်နေရာခြားပေမဲ့
ဝေးသဘောရှိ မသိပါဘူး
တိုးကာပင် ချစ်တတ်သူ
ပြစ်မဲ့မူပိုင်ပဲ။
ထွေးချစ်သူအလိုကျ
ရွှေအမ ဖြည့်ဆီးကာရယ်
မွေးရက်မှီ စာသတင်
ယနေ့မှသည် နှစ်များစွာစီ ခရီးနှင်
(အော်ကွယ်...ညီမလေးရယ်)
မခွဲအစဉ်မြဲ။
ရွှေပန်းချီ (mdy)
ရေတပွက်မျှသာ
#ရေတစ်ပွက်မျှသာ...
တွေဆုံကြ တစ်ခဏသာ
စိတ်.ခန္ဓာ တည်ခြင်းရယ်မှ...
ရေပွက်အလား အချက်မှန်ရယ်
အသက်ဆိုတာ ငါပိုင်မဟုတ်
ယိမ်းယိုင်နာမ်ရုပ် သမုတ်ခေါ်တွင်
ခြေတလှမ်းပင် တွက်ဆမရ....
သတ္တလောက။
သတိတရား မစွဲထားလျှင်
အချင်းချင်းတွင် သီလမကြား
သူအားငါကြံ ငါ့သူကြံဖြင့်
အခါခါဆီ အဖန်ဖန်လီလီ
သံသရာရဟတ်
အဆုံးမသတ်နိုင် အရှုံးဆိုင်ကာရယ်
တကယ်တမ်းသွားကြတာက
အပ္ပါယ်လေးလမ်း.....။
ရခဲကြုံရ ဒုလ္လဘမို့
ဆုံကြတခွင် နေမညိုခင်
ငါ့ကိုယ်ခန္ဓာ ငါစွမ်းရာဖြင့်
အတ္တပိတ်ဖုန်း စိတ်နှလုံးကို
ချုပ်ငြိမ်းဗုဒ္ဓ ဟောညွှန်သသည့်
ဓမ္မသစ္စာ ဒေသနာနှင့်
နတ်ရွာမဂ်လမ်း နိဗ္ဗာန်နန်းသို့
ရောက်လှမ်းဖို့ရာ ဆွေသဟာရယ်
အော်ကွယ်...မြန်းစို့စခန်း။
ရွှေပန်းချီ(mdy)
ရွှေမန်းမြို့ရဲ့ မင်္ဂလာမော်ကွန်း
#ရွှေမန်းမြို့က..
မင်္ဂလာမော်ကွန်း တင်ပါသည်.......
ထောပဏာ ပြန်လှန်စရာအဆက်က
မနောအလှ ဖန်တရာထပ်လေခဲ့
ပြောစရာ့ အမှန်ပါတစ်ရပ်ဖြင့်
"မန်းမန္တလာ" ဘက်ဆီမှ
ချမ်းမြရာ အတိတ်ဆင်....
အောင်မြေရာတွင်။
"ဗုဒ္ဓသာသနာ" ရောင်ရွှေဝါ
အဖန်ဖန်ခါ လင်းစေဖို့အတွေး
ချစ်ကြည်ရေးနဲ့ ပူးမြှောက်ရာ
ထိုင်းမြန်မာ ပြည်သာရွှင်ပါ့
သံဃာရတနာ ရှင်အပေါင်းနှစ်သောင်းဖြာနဲ့...
သဒ္ဒါကမ်းပါးပြို လှူပုံဆန်းဆင်....
မြင်စမ်းပါ့ ရှင်။
တေဇာတန်ခိုး လန်းကြွယ်ဖြိုးပ
ဘုန်းမျိုးဂုဏ်ဝင့် ရွှေကြာတင့်သို့
"ကျိုင်းနှင့်သိုင်းနှင့် ရွှေထီးဖွင့်"...
တိုသာသနာ တို့ဘာသာထွန်း
ရောင်ဝါတောက်ရွှန်း ဤမြေကျွန်းဝယ်
"ဆွမ်းနှင့်ကွမ်းနှင့် ဆီမီးနှင့်"....
ကြည်ညှိဖွယ်ခင်း မင်္ဂလာကျင်းရယ်
ကောင်းခြင်းပြည့်စုံ မြတ်သောဂုဏ်တို့
အာရုံစိတ်တွင် ပြန်ပြောင်းမြင်ရာ
အရှင် ဒါယကာ နှစ်ဖြာတို့၏
သာသနာရေး ပြန့်ပွားညီသည်...
ပီတီစိမ့်မျှ လှသည်တကား။
ရွှေပန်းချီ(mdy)
မသိတာလည်း မဟုတ်တာလေ
#မသိတာလည်း..မဟုတ်
ဘဝအတွက် အဓိပ္ပာယ် တစ်ချို့...
နှလုံးသားအတွက် အချစ်တစ်ချို့....
ဥပေက္ခာအတွက် မာနတစ်ချို့....
ရှင်သန်မှုအတွက် ဖြေဆည်ရာတစ်ချို့...
တစ်ချို့...တစ်ချို့..ကို ပါးပါးလေး..
လှီးထုတ် ခဲ့ရတယ်...
တစ်ခါတစ်လေ မျက်နှာမှာရယ်ပေမယ့်
ရင်ဘတ်အိမ်မှာ အဆိတ်မိသားကောင်လို
တဆစ်ဆစ်နဲ့ ဒဏ်ရာအနာတရက ကြေမွနေတယ်....
အင်း...ပေါ့လေ
ဘဝတစ်ခုကို မီးညှိမိမှတော့
တတိတိ လှိုက်စားအရည်ပျော်သွားမှာပါပဲလေ..
မသိတာလည်း...မဟုတ်တာလေ။
ရွှေပန်းချီ(mdy)
Subscribe to:
Posts (Atom)