ရွှေပန်းချီရဲ့အိမ်မက်စံအိမ်လေး (ကိုယ်တိုင်ရေး ကဗျာလေးတွေ စုစည်းမှု)
Thursday, February 14, 2019
ညီမလေး..သို့
''ညီမလေး..သို့''
ချစ်ခြင်း မုန်းခြင်း သံစဉ်ဝန်းကြား
ဖြူစင်ခြင်းသာ အလေးထားခဲ့သူပါ...
မေတ္တာတရားတွေ အုပ်စုဖွဲမိုးအဖြစ်
ရွာကျတိုင်း
စေတနာ ဥယျာဉ်က ပန်းစုံပွင့်နေခဲတာပါ..
နှလုံးသားက ရိုးသားစွာ ဖွဲ့နွဲ့ခဲ့တဲ့ အနုပညာနဲ့ ရင်းနှီးစွာ ဦးညွှတ်ကြည်နူးမိခိုက်
ဟိုး..တိမ်တိုက်တွေနောက်က ကြားလေတိုက်ခိုက်လို့ ချစ်ခင်ခြင်းတွေ ဖျက်ပစ်လိုက်တော့မှာလား...
ဘာပဲဖြစ်ဖြစ်ပေါ့လေ...
အကင်းမသေသေးတဲ့ သံသယတွေနဲ့
ခြုံပုဝါရက်ပြီး ပုံပမာတွေပြထားတဲ့
အနာဂတ်ဆိုတာ ပျော်စရာတော့ မကောင်းတာ အမှန်ပါပဲ...လေ။
ရွှေပန်းချီmd
သစ္စာ မဏ္ဍိုင်
"သစ္စာမဏ္ဍိုင်...မြဲခိုင်လျက်မသွေ"
နန်းမူနွဲ့နွဲ့၊ ကမ်းယူလက်တင်
ဝန်းကြယ်ဂနိုင်၊ လှမျိုးပိုင်ကြွား
တင့်ခိုင်စိမ်းစို၊ ပညောင်ပျိုထက်
တေးဆိုသံဆင့်၊ တျာနှောဆင့်လျက်
တမ်းချင့်စဖွယ်၊ ကြင်ရေးသွယ် သည်
မွေ့ဖွယ်တမူ ရွှေကြက်တူ....
ရောင်စဉ်ပြဒါး၊ ပတ္တမြားသွေးသို့
မြမြစိမ်းဖောက်၊ လွန်းယှက်ရောက်လျှက်
မြင်ရမျက်ချယ်၊ လွန်တင့်တယ်သည်
တစ်ပင်ပျံကူး၊ တစ်ပင်လူး၍
ပွင်ဖူးစုံထွေ၊ သီးမှည့်ခြွေကာ
လျှံပယ်စားသုံး၊ ဤမြိုင်လုံး၌
မြကုံးတောင်ပံ၊ လေတွင်ဟန်ထား
မူသံကြူကြူ ရွှေကြက်တူ...
လောကသတ္တ၊ သူ့ဘာဝနှင့်
ဖိုမတူစုံ၊ ဆွေအင်ဆုံကြိုင်
မေတ္တာလှိုင်၍၊ နှစ်ခိုင်သစ္စာ
မြဲပါစေဟု၊ ကျွန်ဆုတောင်းရာ
တောင်းဆုထပ်တူ၊ မေ့အိမ်သူလျှင်
မကွာဝေးကြောင်း၊
ထပ်လောင်းဆူဆူ ရွှေကြက်တူ....ရှင့်။
ရွှေပန်းချီ
ပုဝါတကွယ်စာလေး...
"ပုဝါတကွယ်စာလေး..."
မောင့်ကိုပဲ.....အမြဲလွမ်းနေသလားလို့...
မေးလာကြတယ်..
တကယ်တော့..ရင်ဘတ်ထဲမှာ
အစွမ်းကုန်ပွငိ့ပြီးတဲ့ ပန်းတစ်ပွင့်ရဲ့
အပွင့်ကြွေပြီး အညှာလေးညှိုးခြောက်
ပြန်ရှင်သန်မလာလောက်တော့ တဲ့ပန်းကို ကိုယ့်ရင်ဘတ်တံခါးကိုဖွင့်.....
ခန်းစီးစလေး အသာပင့်ပြီး....
အားအင်ကုန်သလောက် လွှင့်ပစ်နေခဲ့ပါတယ်.......
မနက်ဖြန်တိုင်းဟာ မခေါ်လဲရောက်လာတတ်သလို..အလွမ်းတွေကလဲ ပြန်လာလာတတ်တယ်..
ပြက္ခဒိန် တစ်နှစ်ကုန်တိုင်း နောက်တစ်နှစ်ရောက်လာသလို.....
အလွမ်းတွေကလဲ ပြန်လာလာနေတတ်တယ်....
ဒါကြောင့်လေ..
ကျမက......
မလွမ်းပါဘူး...လွမ်းတတ်နေလို့ပါလို့....
လိပ်ပြာသန့်စွာရိုးရိုးကလေးဝန်ခံလိုက်ပြီး.
"အရပ်ထဲက ကဲ့ရဲ့ထိုးမယ့်လက်ညှိုး"တွေအတွက်..
ခုနှစ်ရက်လောက်တော့..ပုဝါတကွယ်စာလေး ပုန်းနေချင်ပါသေးရဲ့...မောင်။
ရွှေပန်းချီmdy
လွမ်းညှိ့ညှိ့ ဆောင်း
"လွမ်းညှို့ညှို့...ဆောင်း
..
မမြူတလည် မစွေဖွဲသော နှင်းမှုန်တွေကြား
ရင်တွင်းအဖျားက အလွမ်းနဲ့မိတ်ဆက်
အိပ်ခက်တဲ့ညများ ရှည်လျားနေလေရဲ့...
...
ဒီဆောင်းအကုန့် အတူဆုံမယ်
မရေလည်စကား မျှော်လင့်ခြင်းများ
ပြူတင်းတံခါးမှာ ချိတ်ထားဆဲပေါ့
ပန်းအငုံလေးတောင် ငိုက်နေတယ်....
...
အင်းပေါ့လေ..
ဒီလိုနဲ့ပဲ တစ်ဆောင်းသစ်
အဟောင်းမဖြစ်တဲ့ ဝေဒနာမို့..
မောင်ရေ..
အလွမ်းနှင်းညှို့လို့... ..
ကျမ မျက်ရည်စို့ချင်နေပါရဲ့...ရှင်။
ရွှေပန်းချီmdy
Wednesday, September 12, 2018
တ..သသ
#တ သသ
ရှင်...မသိနိုင်ပါဘူး.....
....သိလာမှာလဲ မဟုတ်ပါဘူး..မောင်
"ဘယ်တော့မှ မပတ်သက်ကြကြေး".....လို့
နှုတ်ထွက်စကား..ကြားလိုက်ရကထဲက
ကျွန်မ ထာဝရ ကျောခိုင်းထားပြီးသားပါလေ....
ဒါပေမယ့်....
တစ်ခါတရံ မှာ....
တီးသူမရှိတဲ့..တေးတပုဒ်
မေးသူမရှိတဲ့..စကားတခွန်းက
နှလုံးသားကို တွန်းလာရင်......
ယွန်းသွားတဲ့နေမင်းနောက် စိမ်းကားသူကြီးရဲ့
ခြေရာကောက်ဖို့ ထည့်ပေးချင်ပါရဲ့လေ...
မောင်.....
ရှင် ရွေးချယ်လိုက်တဲ့ ဘဝတခုမှာ နေပျော်ပါရဲ့လား..နော်။
ရွှေပန်းချီmdy
Ps..ပုံလေးတွေ့လို့ လက်ငှင်းခံစားရေးခြင်းနော်..😁😁
စောင်ပါလှဲ့...နတ်မိမယ်
#စောင့်ပါလှဲ့..နတ်မိမယ် ရယ်
ပန်းဧကရီ၊ ကခုန်သီသို့
မြရည်စိုစို၊ စိမ်းညိုညွှန့်ခက်
ရွက်လက်ဝေဝေ၊ ညှာခိုင်ခြေလည်း
လေပြေသွေးရာ ယိမ်းနွဲ့ သာတည့်။
ရှုချင့်စဖွယ်၊ ကိုယ်ဟန်သွယ်လျ
နတ်မယ်အလှ၊ သဘာဝလျှင်
လောကတစ်လုံး၊ နုဆေးမှုန်း၍
အပြုံးကမ္ဘာ၊ ဆောက်တည်ရှာသော်....
သည်မှာ...မေတ္တာ
သည်သို့ ...ဂရုဏာ
သည်ဆီ... မုဒိ၊ စိတ်ထားညှိ
"ပွားဗြဟ္မစိုရ်၊ တရားခို" ဖို့
ပွင့်စက်ကျရေ၊ သောက်ထားစေချင်
မွှေးရနံ့ ကြွယ်၊ မိုးသို့ရွယ်
(အဘယ်)..အရုဏ်မှာ ပွင့်မည်တည်း..။
ရွှေပန်းချီmdy
သဘာဝတရား ဆိုတဲ့ နတ်မိမယ်လေးက လူသားကမ္ဘာကို အပြုံးတွေဝေဆာအောင် ဆောက်တည်ချင်လို့ လူသားတွေရဲ့မေတ္တာ၊ဂရုဏာ၊မုဒိတာ ဆိုတဲ့ပန်းပွင့်ကျရေလေးတွေ သောက်သုံးဖို့ လိုအပ်နေလို့တောင်းခံခြင်းပါနော်။ ဤကမ္ဘာမြေ အေးချမ်းပါစေ ရှင့်။
နှလုံးသာ..စိမ့်ရေ
#နှလုံးသားရဲ့ စိမ့်ရေ
အိမ်မက်တွေဖန်ဆင်းတဲ့
ကျွန်းလေးတကျွန်းမှာ.....
ရှင်သန်ခွင့်နဲ့ ရင်ခုန်ပွင့်တွေကို
မျက်ရည်နဲ့သက်သေပြုပြီး.....
အလွမ်းပင်လယ်ထဲ ပစ်ချလိုက်တယ်....
ဒါပေမယ့်..ပဉ္စလက်ရယ်သံလှိုင်းနဲ့အတူ
ငါ့ရဲ့ စိတ်တစ်မျက်နှာကို တိတ်တခိုးလေး
လာ..လာ နိုးနေတုန်းပါပဲ..ချစ်ခဲ့သူရေ...။
ရွှေပန်းချီmdy
Subscribe to:
Posts (Atom)