Sunday, January 31, 2016
ဆောင်းကဗျာ ၁၀ ဆောင်းနဲ့ပန်းချီ
ဆောင်းကဗျာ ၁၀ လေးကို ကဗျာပုံစံတမျိုးလေးဖတ်ရအောင် ဆရာကြီး ဗန်းမော် ညိုနွဲ့ရဲ့ နောက်ဆုံး ကဗျာ ၁၀၀ စာအုပ်မှ ကဗျာပုံစံလေးကို ရွှေကလေ့လာ မှတ်သားအတုယူလျက် ရေးသားမိခြင်းဖြစ်ပါတယ်။ အမှားပါ အဆင်မပြေပါကခွင့်လွှတ်ပါရှင့်။
        ဆောင်း
             နှင့် ပန်းချီ
ဆောင်းရာသီတွင်
ပန်းဥပုလဲ
နှင်းတွဲရွဲတို့
ဝဲလျက်ကျပြန်
ဖြူဆင်းသဏ္ဍန်တည်၊့
သဇင်မင်းစွင့်
ခဝဲဆင့်သာ
မြူပွင့်ငွေရုပ်
ဖွေးဖွေးလှုပ်သည်
ဟေမာန်ပင်လော. . . .
ဆောင်းပင်လော. . . . . . ။
ဆောင်းစေရာခင်
ခံစားဝင်လျက်
ရေးဖွဲ့နှောင်ပြု
အစုစုကို
ကဗျာချစ်သူ
ပဏာထုသည်
ဆွေးမြေ့ဖွယ်လော
ပြုံးဖွယ်လော. . . . ။
 ဆောင်းရတုလျှင်
ကောင်းဆုပန်ရွယ်
ပြည့်ရစေသား
မြန်ပြည်သားတို့
ချမ်းမြေ့စို၍
ဝေသီဖူးညွှတ်
မေတ္တာလွှတ်သည်
သာယာစေလော. . . .
အေးစေလော. . . . . . . ။
                         ရွှေပန်းချီ(Mdy)
မေးပါရစေရှင်. . . . .
                ကဗျာစာသင်
                ပန်းချီခင်လဲ
                 ဆောင်းစာကဲလို့
                  ဒသမ မြောက်
                 ကဗျာအပုဒ်ရောက်သည်
                 ရပ်ဖို့သင့်လော. . .
                  မသင့်လော. . . . . . .။
ရွှေပန်းချီ ဆောင်းလရာသီလေးကို ကဗျာရေးဖွဲ့ခဲ့တာ သီးသန့်အဖြစ် ၁၀ပုဒ် ပြည့်ပါပြီနော်။ နွေရာသီ မိုးရာသီတွေ အတွက်လဲ ၁၀ပုဒ်စီရေးခဲ့တာမို့ ရာသီသုံးလီအတွက် ကဗျာပန်း ကလေးအပွင့် သုံးဆယ်ကို ရွှေ မြတ်နိုးစွာ သိမ်းဆည်းထားမှာပါ။ အစဉ်ထာဝရ အားပေးဖတ်ကြတဲ့ အကိုအမ မောင်လေး ညီမလေး သူငယ်ချင်းများကို လေးစားခင်မင်လျက်ပါ။ ပျော်ရွှင်ကြပါစေ
မဟောင်းတဲ့ဆောင်း ဆောင်းကဗျာ ၉
ဆောင်းကဗျာ ၉
ရွှေခင်မင်ရသော သူငယ်ချင်းများအတွက်
   မဟောင်းတဲ့ဆောင်း
ချစ်သူရေ...
တဖွဲဖွဲသော နှင်းမှုန်တွေ
ရင်အစုံဘွေက အလွမ်းနဲ့မိတ်ဆက်
အိမ်ခက်သော ညက နှိပ်စက်နေလေရဲ့......
မနက်က တိုးထွက်တဲ့နေမင်း
သူ့အဆင်းကလဲ မသဲကွဲ
အဖန်တလဲလဲ သောကနဲ့ လွမ်းပျပျလေးဖြစ်နေရဲ့.....
ဒီတစ်ဆောင်းကုန်
တို့အတူဆုံမယ် မရေလည်စကားတွေ
မျှော်လင့်ခြင်း လေပြေသယ်ထား
သူလဲပဲ ဖျားနေလေရဲ့......
နေခြည်ဖြာ နံနက်ခင်းမှ ညဥ့်ကဗ္ဗလာဖြန်ခင်း
ကွဲပြားခြင်းတွေ မိတ်ဆက်လို့
ဒီလိုနဲ့ တစ်ဆောင်းသစ်
အဟောင်းမဖြစ်တဲ့ လွမ်းဝေဒနာ
ချစ်ရသူရေ...
နှင်းအဖြစ်နဲ့သာ စေလိုက်သလားကွယ်....။
                                                   ရွှေပန်းချီ(Mdy)
ဆောင်းကဗျာလေး ၁၀ပုဒ်ရေးမလို့စိတ်ကူးခဲ့ပါတယ် အခြေအနေအရ
 အခုမှဆက်လက်ရေးရတာမို့ ခွင့်လွှတ်ပေးပါနော်။
ရွှေစစ်ကိုင်း အလှဘွဲ့
် ရွှေစစ်ကိုင်း အလှဘွဲ့
မြစ်ဧရာ ဟိုဖက်ကမ်းက
စစ်ကိုင်းလို့ မည်မှတ်ကာ
တံတားညီနောင် ဦးခိုက်ပုံက
ဆန်းပါဘိလေး။
များလူထိုထိုနဲ့
အမယ်စုံ ကုန်ပစ္စည်းတို့
ရောင်းဝယ်ကာ ဖလှယ်လှုံ နယ်စုံလို့ကွဲ့လေး။
တောင်တန်းရယ်သာ
တံတိုင်းသဖွယ် မင်းဝံဆက်လို့
တောင်တခိုမှာ နေညိုဆင်းတော့
ခင်းသာတယ်လေး။
တရားသံရယ် စိုစိုနဲ့
လောကီဘောင် စွန့်ကာဝံ့လို့
တောရိပ်မှီ မဂ်ဖိုလ်မြန်းဖို့ရယ်
ရည်မှန်းချင်သေး။
                             ရွှေပန်းချီ(Mdy)
ငယ်ချစ်စောင့်လို့ခေါ်ပါနော်
 ငယ်ချစ်ကြီး ....နော်
နုထွေးချိုမြ ၊ တေးအလှနဲ့
ဖေးမယူသော် ၊ လက်တွဲဖော်ဖြစ်
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 
မညင်သာလွှမ်း ၊ အနာဂတ်ကြမ်းလဲ
အပြုံးမပျက် ၊ တွဲဆက်လျက်
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 
အောင်မြင်မှုလမ်း ၊ ဘယ်စခန်းလဲ
ထပ်တူလည်းဖြစ် ၊ မထားရစ်ပဲ
ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် 
အေးသော်အတူ၊ ပူသော်အမျှ
စာနာမှုဝေ ၊ နားလည်နေလျှက်
ဘဝခရီးဆက်မယ်
ဖဝါးခြေထပ် ၊ ပခုံးအပ်လို့
ရင်ခွင်ထက်မှာ ၊ စိတ်ကြည်သာဖို့
နှစ်သိမ့်ပါရစေ
ငယ်ချစ်လက်ကို တွဲလို့နော်
           ငယ်ချစ်စောင့်လို့ ခေါ်ပါနော့့် ။
                                  ရွှေပန်းချီ
ကန်တော့လျက်ပါအမေ
ကန်တော့လျက်ပါ အမေ. . .
ဂန္တဝင် အမေ
ဂရုဏာ အမေ
ကောင်းကင် အမေ
မြင့်မိုရ် အမေ
                အနှိုင်းမဲ့ အမေ
                 ရတနာ အမေ
                 မေတ္တာ အမေ
               ချစ်စရာ အမေ. . . လို့
ဘယ်လိုပင် အညွှန်းတတ်
ကိန်းခန်းတွေသတ် လဲ
နှိုင်းစရာ နထ္တိ တုပမရှိ တဲ့
အမေ ဟာ အမေ ပါပဲ. . .
သေးသွယ်လက်ကလေး
သွေးအတွက်ရင်းရင်
ကမ္ဘာကို ကိုင်လှုပ်  
စွမ်းအားထုတ်မြဲ
ပျော့ညံ့စိတ်ကလေး
သွေးအတွက်ရေးရင်
မရဏမင်းနဲ့စစ်ခင်းချင်တဲ့
အမေ ဟာ အမေ ပါပဲ. . ..
အမေ ဆိုသည့် ခေါ်စကား
နှုတ်ဖျားသိပ်ချို
နားဝင်ပီဆိမ့်
အားတသိမ့်သိမ့် မို့
ခေါ်ခွင့် နာမ်စား အကြွင်းမထားတဲ့
အမေ ဟာ အမေ ပါပဲ. . .
ဒါကြောင့်
သတ္တလောကဘုရား
အမေများ အတွက်
ဦးထိပ်တင်စိုး လက်ဖြာအုပ်မိုး
ကြာမျိုးဆယ်လီ ကန်တော့ချီလျက်
အခါသမနေ့အလှ ပြာသိုညမှာ
အထူး အဉ္စလီ ဖူးထွဋ်စီသည်
အမေ . . .
အမေများ . . ကျန်းမာ လှပ အေးမြ ပါစေရှင်. . . ။
                                 ရွှေပန်းချီ(Mdy)
မာယာမဲ့ မြစ်တစင်း
မာယာမဲ့မြစ်တစင်း၏ . .
့ ချစ်ခြင်းသံစဉ်
မခေါ်သာ ဘဝလမ်းမို့
တော်ရာကလွမ်းပါရစေ. . .
လွမ်းပင်လွမ်းလဲ တမ်းတမရဲ
ကိုယ်ပဲ အလွန် ရှိသည့်ဝန်ကို မှားခဲ့မိတာတောင်းပန်တယ်. . .
ဆုံးဖြတ်ပိုင်ပိုင် မဆိုင်တော့ဘူး
နှစ်ဦးဝေးရာ ဦးတည်ရာသို့
ကိုယ့်ဘဝ ကိုယ်နှင်
လိုချင်သည့်လမ်း
ရောက်အောင်လှမ်းလျက်
မျှော်လင့်ချက်ဖြင့် မြင့်သထက်မြင့်ရာ
အမုန်းမရှိပါ ဘူး ခွင့်လွှတ်တယ်. . .
ချစ်ခြင်းတူလဲ ယူဆကွဲလို့
လက်ဆွဲတူရာ ကံမပါဘူး
ယူဆတူသူ ကြင်ဖော်ဖက်သစ်
ရွေးချယ်ရစ်ပါ ချစ်သစ်ပျော်ရွှင်ပါစေလေ. . .
မင်းသိပါစ
ကိုယ့်ဘဝလမ်း တကိုယ်ရေအခန်းမို့
ရွေးချယ်ရာမဆန်း ရှေ့ဆက်လှမ်းရင်း
လွမ်းငွေ့ရိပ်ဖြင့်
မာယာမဲ့ မြစ်တစင်း
ကိုယ့်ရင်တွင်းမှာ စီးဆင်းတယ်။
                                 ရွှေပန်းချီ(Mdy)
အိပ်ပိတိကဗျာ
 အိတ်ပိတ် ကဗျာ
အေးစက်မှုတွေထဲ
ကဗျာ ရင်ခုန်သံတွေရပ်နေတယ်
မွန်းကျပ်မှုတွေထဲ
ကဗျာ ရင်ခုန်သံတွေရပ်နေတယ်
ဟိုး အဝေးက. . . . ကလေးငယ်ရေ
ဘဝ ရဲ့သိပ်သည်းမှုတွေကြားမှာ မင်းဘာကိုချိန်တွယ် အိမ်မက် မက်နေလဲ
ဒါကို'ကံ'လမ်းလို့သတ်မှတ်ချင်မှတ်မယ်
ချေဖျက်လို့ ပြေပျက်မယ်ဆို
ငါဒီလိုထိုင်ပြီး စိတ်ညစ်နေမလား
ငါ့အတွေးတွေနှိပ်စက် ညဥ့်နက်တဲ့ ညနာရီသံ တချက်ချက်နဲ့
နှလုံးခုန်မှုရော ပုံသေနည်း မဟာဗျူဟာနည်း အယူအဆတွေပေါ တဲ့ ဦးနှောဏ်တခုလုံး အမှောင်တွေပိန်းပိတ်အောင်
ခေါင်းငုံလိုက်ရတော့မလား
ဟိုး အဝေးက . . . . .ငါ့ကလေးလေးရေ ဒီလောက် မမိုက်မဲခဲ့ပါဘဲနဲ့ ရင်နင်စွာမြင်ခွင့်ရတဲ့'အခင်းအကျင်း'တွေ ကို ငယ်ငယ်တုန်းက'ညောင်ပင်တစ္ဆေ 'လို
'ဝေလေလေ' လုပ်ပစ်ခွင့်ရချင်ပါရဲ့
သွားဦးပေါ့ကွယ်
ကံဆရာရဲ့ ပန်းချီကားတချပ်ထဲ
ပြုံးယဲ့ယဲ့နဲ့ ဆေးတင်ခွင့်တောင်မရချင်ဘူး
မင်းတို့ရဲ့ သိုက်မြုံအိမ်ကလေး
ဘယ်ကမ္ဘာလေးဆီ
''အမှတ်မဲ့ ''ထွက်ခွာသွားတယ်
အဲဒါ 'တစ်ခဏ'တာလား
အဲဒါ 'တစ်သက်စာ'လား
ဒါမဟုတ် 'နောက်ထပ်. . . 'လာအုန်းမလား
အဲဒီမှာ. . . . မင်းတွေ့ချင်တဲ့ ခြေရာတွေ ရှိနေမလား ကလေးရယ်
ငါ့ကဗျာရင်ထဲမှာတော့ အပြင်ဖက်မှာကျပ်ခဲသလောက် အထဲမှာဘောင်ဘင်ခတ်
ချော်ရည်မြုံမီးတောင်တခုရဲ့အား ''''ငါ့နှလုံးသားကို ဝါးစား'''နေတယ်။
                                   ရွှေပန်းချီ်(Mdy)
Monday, January 18, 2016
ဆောင်းကဗျာ ၈ ဖူးလက်စုံညီ သည်ဆောင်းပုဂံဆီ
့ ဆောင်းကဗျာ ၈
 ဖူးလက်စုံညီ့ 
           ဆောင်း ပုဂံ ဆီသို့
မြူခိုးရယ်တဲ့ မှုန်တမှုန်
ရှစ်တိုင်းညိုလွင်နဲ့
ပုဂံတခွင် အာကာတိုင်းကို
သိုင်းရစ်လို့ခြုံ။
ငညိုငနီ ဟဲ့ . . . .ငေါက့်
ခွာပေါက်သံ အစီအညီ်
သံစုံစီတဲ့ ရွှေလှည်းယာဉ်နဲ့
မောင်နှံယှဉ်လို့
နေမဝင်မှီ
စေတီ အဆူဆူပေါင်းမှာလ
တူရည်တူဆီ လှမ်းသာပ
မြန်းခါသ ချစ်သူရယ်
ဆုတောင်းကာ နိဗ္ဗာန်ရည်စို့
ပုဂံ အလှရဲ့ ဆောင်း။
                                 ရွှေပန်းချိ
ရွှေစိတ်ကူးလေးထဲက ပုဂံဘုရားဖူးလေးပေါ့နော်
ဒီနှစ်ဒီဇင်ဘာမွေးရက်မှာ ပုဂံဘုရားဖူးမသွားနိုင တော့ဘူးလေ လပြည့်တရားစခန်းနဲ့တိုက်နေလို့ ဒါမို့ စိတ်ကူးလေးနဲ့ရွှေပန်းချီ
ဆောင်းကဗျာ ၇ လွမ်းစိမ့်စိမ့်ဆောင်း
့ ဆောင်းကဗျာ ၇
                လွမ်းစိမ့်စိမ့် ဆောင်း
မြူကသိုင်းရယ်တဲ့ အုံ့ဆိုင်းညီ
ဘယ်တိုင်းဘယ်ဆီသို့
ရော်ရည်ကာ ခေါ်မည်တမ်းပါရ
မှန်းဆဖြေမဆည့်
ဖွေရှာသည်
ညာပလီနွဲ့ ဟေမာန်နှောင်း။
စာပါးကာ အမှာဆင့်ချင်ပ
မယ်ခင့်လူ နေစိမ့်အားတယ်
လွမ်းစိမ့်စိမ့် ဆောင်း။
                               ရွှေပန်းချီ
ဆောင်းကဗျာ ၆ Violet December
                                           ဆောင်းကဗျာ ၆
Violet December
့ ခရမ်းရောင် ဆောင်း
ရာသီစက်ဝန်းထဲက
အိမ်ထောင်စုစာရင်းဝင် အိမ်သားအမည်ရှိတဲ့ ဆောင်းး
မြောက်ပြန်လေ အစီးအမြောနဲ့
အထုတ်အပိုးပြင် ဝမ်းစာမင်လို့နေရာရွှေ့ ငှက်တေလေတို့ နှင်းခိုတဲ့ ဆောင်း။
ဖြူလွလွဝတ်ရုံဆင် နုညံ့သည့်အသွင်ကိုဆောင်
ခြေသံမကြားအောင် တိုးဝှေ့စေတဲ့ ဆောင်း။
ညဉ့်လွှာနက်နက် အဆွေးဖက်တွေအတွက်
သုံးရက်လ ခုံးမျက်စလေးကို မှီတွယ် ကျီဆယ်နေတဲ့ ဆောင်း။
ခွာညို သဇင် စွယ်တော်ခင် တို့ထက်မှာ
မျက်ရည်တစက် နှစ်စက်နဲ့
တွားသွားတက်ခဲ့တဲ့ ဆောင်း။
ပြက္ခဒိန်တွေသတ်မှတ် ၂၀၁၅ဒီဇင်ဘာရက်မြတ်တွေအတွက် အခုနှစ်မှာ ချမ်းအေးခြင်းနဲ့ လက်မှတ်အတုထိုးသွားတဲ့ ဆောင်း။
ဆောင်းမမည်သော သည်ဆောင်းကို
ဆရာမင်းခိုက်စိုးစန်
စကားနဲ့ပြောလိုက်ချင်ပါရဲ့
့"ခရမ်းရောင်တိမ်တွေထ၊ ပန်းနုရောင်ကောင်းကင်ထဲ
အဲဒီ ဆောင်းကို၊ အတုံးလိုက် အခဲလိုက်
ကြပ်ညပ်နေအောင်
စိတ်ရှိလက်ရှိ ရိုက်သွင်းခဲ့" တဲ့။
ကဲ့Violet December ဆောင်း ရေ
ဘယ်နဲ့ရှိပါလိမ့် နော့်။
                           ရွှေပန်းချီ
မော်ဒန်မပီ ကဗျာမညီသောစာလေးပါ။ဒီလိုလေးတွေလဲရေးပါအုန်းဆိုတဲ့ ကဗျာရေးဖော် အကို မောင် ညီမတို့ကပြောလို့ပါနော့်။
ဆရာမင်းခိုက်စိုးစန် ကဗျာလေးတွေ ဖတ်ရင်း နှစ်သက်မိသောကဗျာတစု လေးအပေါ် ခံစားရေးမိပါတယ်ရှင့်။
ဆောင်းကဗျာ ၅ ပန်းသဇင်နဲ့ မရွှေခင်
့ ဆောင်းကဗျာ ၅                          
ပန်းသဇင်နဲ့ မရွှေခင်
မာန်မသွေးပါနဲ့
ယဉ်ကျေးသူ ရွှေရွှေခင်ရယ့့် 
 မာန်ဆိုသည် ဟန်ကဲရင်ဖြင့်
ကျလဲလျှင် အလွန်ခက်တာမို့
ရှေ့တွေးကာ ဥာဏ်တရားရယ်နှင့်
ထားသိဖို့ အချိန်တန့့် 
ပမာပြုရရင်
အခုလှစွာ ခင်ပန်ဆင်တဲ့
ပန်းသဇင် နုနုထွဋ်ဟာဖြင့်  
ပျိုဆွတ်ချိန် အလွန်လန်းသော်လည်း
ခါနွမ်း အချိန်တန်တော့
ခွေယိုင်ကာ ကေသာဖျားမှာလ
မမြဲသင်္ခါ တရားပြသလိုပ
လဲကျ မစွမ်းမှန့့် 
ပန်းလိုလှ ရွှေခင်ရယ်
တနေ့သော် ဇရာဝင်ရင်တော့
ခင်လဲလေ သည်လိုပဲရယ်မို့ 
စိတ်ကြီးဝင် မာန်မတက်ပါနဲ့
နုလှသည့် ကိုယ်ခန္ဓာထက်
စိတ်လှစွာ နေသင့်သည်သို့
မှတ်ထင်ကွဲ့လေး။ ။
                         ရွှေပန်းချီ
ရှေးသီချင်းတပုဒ်အား ခံစားလျက် ရာသီနှင့်လိုက်ဖက် သဇင်ခက်နှင့်ပုံလေးတွဲဖက်၍ရေးပါတယ်ရှင့်
Sunday, January 17, 2016
ဆောင်းကဗျာ ၎
့ ဆောင်းကဗျာ ၎
ဆောင်းဒေဝီ
မြောက်ပြန်လေသူ အေးဆောင်ယူ
ဖွေပြန်ကူလှောက် ဆီးနှင်းပေါက်လည်း
ဖြောက်ဖြောက်သွန်းလာ ယွန်းစက်ရာမှာ. . .
ပတ်သာဒုံမင်း စောင်းသံညှင်းနဲ့
မဖြေတမှီ သံစဉ်ညီထွေး
ဆွေးဇတ်မှေးသော်. . .
 စိန်ကတ္တီပါ မွှေးနုသာခြုံထွေး
လုံမနွေးသည်
လွမ်းစောင်းတေးသံ ဆောင်းဟေမန်။
ကနုတ်စီချယ် နန်းမလယ်မှ
ရံရွှေတစ်သောင်း ချွေစံညောင်းလည်း
ပျော်တော်ဖော်သင် မယ်မခင်မို့
ရွှေရင်တခို အေးမစိုပ
ဆွေးအင်ပြည့်လျှံ ဆောင်းဟေမန်။
အာကာယံဆင် မြူမင်းလွင်
ရောင်လျှံဖြာသန်း ယုန်ငွေစန်းလည်း
မှောင်သန်းငူငိုင် မလင်းနိုင်ခဲ့
မှိုင်ငဲ့ငဲ့ဖြင့် . . . .
ညဥ့်နက်ထက်ဗွေ နှင်းသွန်းစေသော်
ရှာဖွေကြင်ဖော် တမ်းတမျှော်  
မခေါ်သာတစ်ချက် ခေါ်ခက်ခက်မို့ 
ဆောင်းဒေဝီရင် လွမ်းရေးဆင်သည်
ချစ်သခင်သိရန် ဆောင်းဟေမန်။ ။
                                  ရွှေပန်းချီ
ဆောင်းကဗျာ ၁
ဆောင်းကဗျာ(၁)
          ဆောင်းပျိုပျို့....ခင်ရယ်
နှင်းငွေရည် ပက်ဖျန်းလို့
ဘော်ရောင်သန်း အာကာလွင်
ဟေမာန်တ အဝင်။
ခဝဲက ယဉ်၊ သဇင်က မွှေး။
ခင်တန်းရယ် အေးဖွယ်စုံလို့
မြူသန်းငယ် ဇလာခွင်နှင့်
ဆောင်းပျိုခင် လှဖြူချောရေ
စောလှချည့်သေး။ ။
                            ရွှေပန်းချီ
ဆီးနှင်းတပျိုက်...မိုးတလိုက်
ဆိုလိုက် တန်ဆောင်မုန်း... ဆိုသောမိုးဘွဲ့ ၁၂လရာသီမှ စာလေးအတိုင်း မိုးတလှည့်လဲရွာတတ် တာမို့ ဗဟုသုတလေးပြောပြတယ်နော်။