Friday, November 13, 2015

No. 260 ဆောင်းကြာခြည်တလျှပ်

ဆောင်းကဗျာ..2
                      ဆောင်းကြာခြည်
နှင်းငွေ့သီသီ
အရှေ့ခွင်ဆီ
နေရီပျပျ  အခါကာလ။

နှင်းဝတ်စိုစို
မြခွာညို
လန်းပျိုသသ ဟေမန်တ။

အနေဝေး မောင်မယ်
တမ်းတဖွယ်
ဆောင်းကြာခြည်တ
လွမ်းပါရ။

                 ရွှေပန်းချီ


Sunday, November 8, 2015

No.259 အဖြူသက်သက်ရဲ့....... မနက်ဖြန်






အဖြူသက်သက်ရဲ့.......
မနက်ဖြန်

သူငယ်ချင်းဆိုတဲ့ကြိုးတချောင်းက
နင် နဲ့ ငါ့ကို
ကောင်းကောင်းချည်ထားခဲ့ပါရဲ့.....

အဖြူရောင်စည်းဝိုင်း ဖိတ်ခေါ်ပွဲမှာ
လက်ရေကျ အလှပြခဲ့တာမဟုတ်ဘူးလေ....

မတီးခတ်ရသေးတဲ့စောင်းကြိုးတွေမှာ ဂီတသံစဉ်ရှိနေသလို မပြီးသေးတဲ့ ပန်းချီကား
အဖျက်ရာတွေလဲ များနေတယ်....

တိမ်အပြည့်နဲ့ မိုးခေါင်နေသလို
မြူအဝေ့နဲ့လဲ ပူလောင်နေခဲ့တယ်......

်ရေမလောင်းပေါင်းမသင်တဲ့မြေမှာ
သစ်စေ့လေးဟာလည်း ပန်းပွင့်လေးကို သိုဝှက်ထားမှာပါပဲ....

သူငယ်ချင်းရေ...
ပြောချင်သလိုသာ ပြောလိုက်ကြပါစေတော့
အဖြူသက်သက်ရဲ့
မနက်ဖြန်မှာ....
တစ်စုံတစ်ရာတော့ ရှိနေတယ်....။
ရွှေပန်းချီ

— with Khin Ma, Thoon Sthan Kha, Yin Nyein Pwint and 42 others.

No. 258 နွမ်းစေ'သူ'



နွမ်းစေ'သူ'

တစ်ပြေရွာအလွမ်း.......
ကမ်းခဲ့သူ
ဖော်ကွာအဆွေး.......
ပေးခဲ့သူ
ရင်တစုံကျွမ်း.......
ပန်းစေခဲ့သူ
မဆုံသောခရီး........
နီးစေခဲ့သူ
မမုန်းသောချစ်....
မေ့ပစ်ခိုင်းသူ

ယိုင်နဲ့နဲ့ နှလုံးသားကို
ခလုပ်တိုက်သွား သူရယ်....နော်

အပြစ်တင်စကားမဟုတ်
မချိတင်ကဲစကား တသုတ်ကို
ထုတ်ဖော်ကာ မပြောရက်လို့
ရင်ဝှက်ပန်းကလေး...နွမ်းခဲ့တယ်
ရွှေပန်းချီ

်ဒါက နံပါတ် ၁ နော်
— with Shweyee Ko, Thwe Teza, Kyawzin Thant, KywayOpe Lay, Naybhun Thaw, တိမ်ယံ ချစ်ဦး တိမ်ယံ ချစ်ဦး, Ko Myo Gyi Artist, Lin Thit Manm, Win Oo, Linn Su, Laylay Khaing, Lwint Way Eaing, အထင် ကရ and စိန် ပန်း နီ.

No. 257 ကြွေရုပ်ကလေး..


ကြွေရုပ်ကလေး..

ကြန်အင်ထူးစွာနဲ့
ညွတ်နူးဖွယ် ကိုယ်ယဉ်သပါရဲ့
မူရာပုံ မြို့သူရှုံးပြန်တော့
ဆံရစ်ငုံ စပယ်ပန်းငယ်က
သွင်ဆင်ပုံ ဖြူရောင်စွန်းကိုဖြင့်
သရဖူဆန် ဝေ့ဝိုက်ပါလို့
ပျိုခင်ရယ်
မယ်ဥမ္မာ မမီဘူး။

ချိုသာစီ နှုတ်တွင်အေးပါတဲ့
ဆိုတေး ဝေဝေမြိုင်ငဲ့ပြင်
့"မယားတောသူ ဘယ်သူပြိုင်မှာလဲ့"
မျက်နှာပေးက အသာချီ
ကြည်လင်စွာ နှုတ်ရွှေခွန်းတွေနဲ့
တုကင်းအောင် တီတာလွန်းသူမို့
ကြွေရုပ်လေး မြန်မာခင်
တင်စားပင် ခေါ်လိုက်ချင်ရဲ့
ထူးပါကွဲ့လေး....။
ရွှေပန်းချီ
— with Waiphyo Htet, နှင်း စက် မိုး, သမိုင်း သစ် and 30 others.

No..256 ပန်းချီ ရဲ့.... ဘဝ ပန်းချီ


်ကဗျာရေးသူ ကဗျာမြတ်နိုးသူ ဆရာ အကိုအမ သူငယ်ချင်းတို့ကို ရွှေရိုးသားစွာ လေးစားခင်မင်လျက်ပါ

ပန်းချီ ရဲ့....
ဘဝ ပန်းချီ

ဆန္ဒနဲ့ လက်တွေ့တထပ်ထည်းမကျတာ
သေချာတဲ့ဘဝတွေရဲ့နိယာမတခုပါပဲ

ဘဝ တခုဟာ အသက်စေ့နေရက်နဲ့
ဆွဲချခံလိုက်ရတဲ့ ဝှက်ဖဲတချပ်လောက်တောင်
ရင်ခုန်ဖို့ မကောင်းပါဘူး

ဘဝ တခုမှာ သိက္ခာနဲ့ စိတ်ကဗျာတွေက
တောင်းပေါက်နဲ့ ဖားကောက်ရသလို
အကျအပေါက်လဲ များခဲ့ပါရဲ့

ကမ္ဘာကြီးကရွာငယ်ဖြစ်နေတဲ့ ရာစုနှစ်မှာ
ဘဝ တခုဖြစ်တည်လာလဲ
ဂန္ဒီရဲ့ ဖိနပ်တဖက်လောက်တောင် လူမသိသူမသိပါဘူး
သူ့စိတ်လိုမေတ္တာတရား ဝေးနေလို့ပါပဲ

ဘဝ လမ်းဘေးမှာ အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းပုဒ်ချိတ်ထားပါရဲ့နဲ့
မမြင်အောင်ဆောင် စည်းကမ်းမဲ့လာပစ်တဲ့ အမှိုက်တွေကြား အလိုမတူပါပဲ နေထိုင်ခဲ့ရတယ်

ဘဝ တခုအဆုံးသတ်မျဉ်းက
တိုင်းဇုံတွေခြားတဲ့ နေရာတခုလို
စိတ်မပါလဲ အိပ်ရာနေရာက
မီးခိုးငွေ့တွေနဲ့ လွင်တီးခေါင်တွေကြား
နိဂုံးရဲ့ ကဗျာ တပုဒ်ဖြစ်သွားမှာပါပဲ။ ။

လိပ်ပြာရှင်လေးရေ နားလည်ပါရဲ့လား..
ပန်းပွင့်ငယ်ဆိုပါမှ
ကာလတွေ သဘာဝတွေဘယ်လိုပြောင်းပြောင်
ဣနြေ္ဒ သိက္ခာဘောင် အခန်းကျဉ်းထဲမှာ
မက်မောစွာနဲ့ နေသားကျဆဲပါပဲ...လေ။
ရွှေပန်းချီ

— with Khinlay Yin, စိန် ပန်း နီ, Lwam Yin Mg and 14 others.

No.255 လွမ်းစေတီ....

ရွှေပန်းချီရဲ့ ခရီးသွားအစီအစဉ်လေးမှာ အခုနေပြည်တော်က ဥပ္ပာတသန္တိစေတီတော် နဲ့ ဗုဒ္ဓဂါယာကိုဖူးရောက်ခဲ့ပါပြီနော်
ဘုရားဖူးရင်း ကဗျာလေးရေးချင်လာလိုရေးတင်လိုက်ပါတယ်
့ လွမ်းစေတီ....
နေရီမှေးမှေး ၊တိမ်ရေးရေးဝယ်
ဖွေးဖွေးခံဆင် ၊ ငွေခြည်တင်လျက်
ရွှေမင်ခြယ်တင့် ၊ ရောင်စုံပွင့်သား
ရှုတိုင်းဝင့်ကြွား ၊ လေပြေကြားမှာ
မြတ်ဘုရားစေတီ ၊ သပ္ပါယ်ညီသည်
ဥပ္ပါတသန္တိ ၊ ဘွဲ့တော်ရှိ၏

လွမ်းများစေတီ.....
ဆုတောင်းယူသူ ၊ ထီးထီးရွတ်ကျူ
ပီပီမငံ့ ၊ ဆည်မတန့်ဘဲ
ညွှတ်နှုးမရွှင်၊ ထွတ်ဦးတင်၍
့""သခင်နှင့်သာ တူဖူးရာ"" ဟု
ကလျာရွှေယွန်း၊ ဆုမွန်သွန်းသည်
လွမ်းများစေတီ....လွမ်းစေတီ
ရွှေပန်းချီ

နေပြည်တော်က
ဥပ္ပါတသန္တိဘုရားကြီးအား ဖူးမျှော်ရင်း FBက ချစ်ခင်သော အကိုအမ သူငယ်ချင်းများအတွကိ

No. 254 အသက်ရယ်တဲ့..ရှည်စေလို

့အသက်ရယ်တဲ့..ရှည်စေလို့

အရှေ့ဆီ ခပ်ယွန်းယွန်းက
မြူသန်းလို့ မှုန်ပြာပြာ
မြို့မန်းသာယာ။

စကားအရာ၊ ရွှေကြာနှုတ် ကြူမွှေး။

ရွှေတန်ဆောင်း အသွယ်သွယ်နဲ့
ဘုရားဇရပ်အလှယ်လှယ်မို့
အသက်ကယ် ရှည်စေဖို့
လှမ်းစို့ ရယ်လေး။
ရွှေပန်းချီ

No. 253 နဒီအလွမ်း ပန်းချီ့အလွမ်း



နဒီအလွမ်း
ပန်းချီ့အလွမ်း

လမ်းဆုံးရင် ရွာတွေ့
မြစ်ဆုံးရင် ပင်လယ်ကွေ့လို့ ပြောကြတဲ့ စကား ကျမတို့နှစ်ယောက်အတွက် အရင်ကတည်းကမကြားနာခဲ့ရပါဘူး....

မတူညီတဲ့ ဘဝနှစ်လေးနှစ်ခုက
အစုန်အဆန်သွားတဲ့ လှေနှစ်စင်း မြစ်ခင်းအလယ်ဦးတိုက်လို့တွေ့ခဲ့တာပါ......

အစုန်သမား သူ့အတွက် နေသာလေလာရင် အဆင်ပြေတဲ့အချိန်
ကျမအတွက်က အဆန်မှာ တက်ထိုးလက်ကျိုးအောင်လှော်ရချိန်ပေါ့.......

ဒါပေမယ့်လည်း.....
မြင်သာခဏ ကြင်နာတွေစခဲ့တာ
ရင်နာရလဲ ကျေနပ်ခဲ့ပါတယ်....
တဖြည်းဖြည်း ကျောခိုင်းဝေးရင်း မဆုံသောခရီးပန်းတိုင် အပြီးတိုင်ရောက်ဖို့မျက်ရည်စို့စို့ အသာတို့ရင်းသက်ပြင်းကိုချ
ဘဝကလကာရှေ့မှာ ကိုယ်စီဆက်ကကြမယ်လေ......

တနေ့ နေပေါ့.......
နဒီဝင်္ကပါ တပတ်သာလည်ခဲ့ရင်လည်း
ကျမတို့နှစ်ယောက် အရင်လိုပဲ
တဖက်စီနှုတ်ဆက် ရမှာလား...??
တဦးကကွေ့လှော် ခရီးဖော်အဖြစ် အတူလိုက်လေမလား...??
နဒီအလွမ်း ပန်းချီအလွမ်း
မှန်းဆတထင့်ထင့်
လွမ်းဆင့်ဆင့်
ကမ်းလက်မဝင့်တဝင့်ပါ..ချစ်မိသူ
ရွှေပန်းချီ
ပုဂံအလှ မြစ်ဧရာတဖက်ကမ်း တန့်ကြည့်တောင်တန်းအလှတွေနဲ့ ပန်းချီ
— with Nan Da Aung, Min Naing, Shwepont Lay and 24 others.

No. 252 ရင်မှာနွယ်သော..စကား

          ရင်မှာနွယ်သော..စကား
ရွှေတို့လိမ္မာ အသိဝေဖြာဖို့
ကျေးဇူးရှင်များ ဆိုရိုးစကားက
စကား(၃)ခွန်း စုကာသုံးရင်
အမျိုးဘာသာ လူမှုရွာမှာ
ကြည်သာရွှင်ပ နေသမျှ...ရှင့်

မြစ်ကြီးမခမ်း သစ်ပင်လန်း
ထုံးအိုးတမ်းလဲ မကွဲစေ
မလွဲစေတဲ့ စေတနာစကား
ရွှေဥမင်ဆရာတော်ကြီး ဆုံးမသား..ရှင့်

မြစ်ကြီးမြစ်ရေ တွင်တွင်ဝေသလို
တောင်ပေါ်မြေအောက် အလျှင်စီးပေါက်
တစ်ယောက်စေတနာ ဣသာခွာလို့
တူမကွာထပ်ထား မေတ္တာတရား..နှင့်
ကြီးမာသစ်ပင် အေးရိပ်လွင်
ခက်လက်ဝေဆာ ဘုရားတရားသံဃာမို့
သစ်တပင်ကောင်း ငှက်သောင်းသောင်းမျှ
အေးချမ်းရသလို ဆက်ပွားပိုစေ
လက်ဆင့်ကမ်းကာစောင့်ရှောက်လေ..ရှင့်

ထုံးအိုးပမာ ဓလေ့အဖြာဖြာလည်း
မပျောက်မကြား အစဉ်လေးစားလျက်
မိရိုး ဖလာ တို့အမွေသာမှာ
လိုက်နာကျင့်ထုံး ရွှေပန်းကုံးလို
အဆင့်ဆင့်ပွား လွန်လှသား..မို့
ရွှေတို့ နေရာ ပြည်မြန်မာဝယ်
စကားသုံးသွယ် ရင်မှာနွယ်လို့
မောင်ရင်းနှမငယ်
ပျော်ကြမယ်...ရှင့်။
ရွှေပန်းချီ

No.251 ရွှေပန်းချီ(သို့မဟုတ်) ကဗျာပန်းသည်လေး


ရွှေပန်းချီ
့(သို့မဟုတ်)
ကဗျာပန်းသည်လေး

တောင်ထက်တောတန်း၊ သီတန်းဝေဝေ
ပန်းမွှေးပန်းတင့်၊ တစ်ပွင့်တူပေ
စိမ်းစမ်းအိုင်မြ၊ အေးလှသလေ
ခင်မင်သူတိုင်း၊ မဆိုင်းစိတ်ရွှင်စေ...

လူသူအကြား၊ မခြားညီတူ
ပေးထားအရာ၊ မေတ္တာကူပါ
သူ့ဝန်သူထမ်း၊ သူလမ်းဖွေယူ
ပြုသမျှ ရှုပ၊ ဖြူစင်သူ...

စာ ကဗျာခရီး၊ မြှောက်ချီးတင်ထား
အများသူကို၊ ကောင်းပိုစေချင်
မနောသွင်ရောက်၊ စမ်းပေါက်လိုပင်
ကျွန့်ချစ်ပန်း တင့်ဆန်းရှိပါစေ...

အသက်သည်သာ၊ ခန္ဓာတည်သ၍
မွှေးကြူပျံ့လှိုင်၊ ပန်းမြိုင်ကဗျာမှာ
သီကာစီချယ်၊ နှမငယ်(ရွှေပန်းချီ)လည်း
ထုံသည့်သညာ၊ မပယ်စွာဖြင့်
အေးချိုရနံ့ ကမ်းလင့်...သာတည့်။
ရွှေပန်းချီ
ရွှေချစ်သော အကိုအမ မောင်လေး ညီမလေး သူငယ်ချင်းတို့ရေ မနက်ဖြန် တော်သလင်းလပြည့် နေ့ကနေလပြည့်ကျော် ၁၀ရက်လောက်ထိ FBကဗျာတောကို ခန နှုတ်ဆက်ပြန်ပြီနော်။
အေးချမ်းကြပါစေရှင်....

No. 250 ကိုရစ်လုံးလေး

ကိုရစ်လုံးလေး

ချစ်လို့နော် ချစ်လို့တဲ့
ပြောခဲ့ ချိုထား။

သံသယကြိုးလေးကို
ထပ်ထပ်ရစ်တယ်
ချစ်သူ..နင်လား။
ရွှေပန်းချီ

No. 249 အချစ်..ချို


ရွှေချစ်ခင်သောသူငယ်ချင်းများအတွက်
အချစ်ကဗျာ လန်းလန်းလေးနော်
အချစ်..ချို

ဟေ့...
ချစ်သူရေ
ဥတုရာသီ တခါစီပြောင်းလဲ
နင့်အတွက် ငါ့အချစ်
မပြောင်းနိုင်...

ဟိုမူ ဒီမူ ဝိဝါဒကွဲလဲ
နင်ကလွဲရင် ငါ့ဘဝမှာ
မပေါင်းနိုင်...

အိုင်ဖုန်း အိုင်ပက်
မော်ဒယ်ကောင်းလဲ
ငါ့အချစ်ကနင့်အတွက်
မဟောင်းနိုင်....

စိန် ရွှေဆယ်တင်း
တိုက်တာအခင်းလဲ
နင့်ရင်ခွင်ကလွဲရင်
မအောင်းနိုင်.......

ကမ္ဘာကျော်အချစ်သမား
ဘယ်သူတွေများလည်း
ငါလောက် နင့်အပေါ့်
မကောင်းနိုင်..

နင်ပေးအချစ် ငါ့အတွက်ဖြစ်လို့
Discount % နဲ့
မရောင်းနိုင်...

ငါ့ရင်ဘတ်ထိ
နင်ဝင်ကြည့်
ငြိနေတာတွေ တွေ့လိမ့်မယ်...။
ရွှေပန်းချီ
သုံးလုံးစပ် ကာရန် ပုံဆန်းလေး ရေးကြည့်တာပါနော်

Unlike · Comment · Turn Off Notifications · Share
You, Kyelsin Moe, Swan Yee, Song Hamen and 275 others like this.
Comments
Shwepan Chi
Shwepan Chi ko Sanay Mg
ကလေးကဗျာလေးလို့ သဘောထားဖတ်ပါနော် တစ်ခါတစ်လေ အပျော်လေးပေါ့
ဒါပေမယ့် သုံးလုံးစပ် ကာရန်အဆန်းလေးလဲ ဖြစ်ပါတယ်နော်



No. 248 ဆုတောင်းပေါ့....အေ

စနေနေ့လက်ဆောင် ပြုံးပျော်ရအောင် ရွှေသူငယ်ချင်းတို့အတွက် ကျေးလက်ကဗျာလေးပါ

ဆုတောင်းပေါ့....အေ

သူငယ်ချင်းကောင်းယောင်းမတို့ရေ......
ဆံတောက်လွင်လွင်....မယ်တင်ကိုလေ
ဟို..ကိုလူညိုချော ချစ်စကားပြောတယ်
ကြိုက်လို့တဲ့တော် ကြိုက်တယ်တော့တဲ့
့(မယ်တင်)

ဆံတောက်တဖားဖား..မယ်ခင်ဖွားမောင်
ယောင်တစောင်းနဲ့ ထန်းမြူတဖက်ပိုက် ကြက်လေးတိုက်တဲ့
သာအေးငမိုက်များ ညည်းလူလားအေ
ပြောသေးတာများ ပြောလေလားအေ့(မယ်တုတ်)

အမယ်...ဆံတောက်သိမ်းထုတ် အပျိုကြီးဗွေးတုတ်
နေ့ ပြောတာများ နောက်နားကြည့်အေ့
ညခင်းအတင်း အောက်နားလင်းသတော့...
ကျုပ်ရဲ့မောင်ဖွား အကောင်းစားကို
စောကြောသန်သန် ဝေဘန်ပါနဲ့
သူတပါးကြား ညည်းမတားနဲ့
အခုဘဝ အပျိုကြီး နောက်ဘဝမငြီးရအောင် ညည်းသာဆုတောင်း ဆုတောင်းပေါ့လေး.....။(မယ်ဖွားခင်)
ရွှေပန်းချီ

ကျေးလက်ပျိုမေ သုံးဦး အတိုင်အဖောက်ဟန် ကလေး ရွှေစိတ်ကူးနဲ့ ရေးထားခြင်းပါနော်။
အပျော်ကလေးမို့ ပြုံးမိရင်ကို ကျေနပ်ပါတယ်ရှင့်။
— with ဖုန်း မြင့်, Ko Myo Gyi Artist, Win Oo and 16 others.

No. 247 ငြိမ်းချမ်းရာနေရာသစ်ဆီသို့....


ငြိမ်းချမ်းရာနေရာသစ်ဆီသို့....

လူနတ်ဗြဟ္မာ.....သုံးသူဖြာ
ခန္ဓာရကြသည်။

ခန္ဓာရသူ.....အဆူဆူ
အိုနာသေရမည်။

အိုနာသေလမ်း.....လွတ်ရာမှန်
သံသရာလည်လမ်း ဖြတ်ရမည်။

သံသရာဆက်ရာ....ခင်တွယ်တဏှာ
သိကာပယ်ကာ သတ်ရမည်။

သိမှုပယ်မှု..... ဤနှစ်ခု
ပွားမှု တခု ကူရမည်။

သိပွားပယ်ထား.......ထိုတရာ
သစ္စာဆိုက်အောင်ကျင့်ရမည်။

သိ,ပယ်,ဆိုက်,ပွား
ထိုလေးပါး အပ္ပါယ်တံခါးပိတ်လိမ့်မည်။

သစ္စာလမ်းသာ.......ငြိမ်းချမ်းရာ
နိဗ္ဗာန်ရွာသို့ ရောက်ရသည်။

ရွှေပန်းချီ
၏ဥာဏ်အသိကလေးဖြင့် ရေးသားပူဇော်ပါသည်ရှင်။တရားကဗျာလေးတင်ခဲ့ရင်းနဲ့fbကနေ ဆယ်ရက်လောက်တော့ ခွင့်ယူပြီနော်
— with Waiphyo Htet, ကဗျာ စံအိမ်, မာ တလိ and 26 others.