Tuesday, March 31, 2015

(((((လက္ခဏအချစ်.... အဋ္ဌစန္ဒာလေးတော်သိပါရဲ့...သခင်))))199


(((((လက္ခဏအချစ်....
အဋ္ဌစန္ဒာလေးတော်သိပါရဲ့...သခင်))))


အချစ်ဆိုတဲ့ ကိလေသာကြောင့်.....
သံသရာဝဲဂယက်မှာ...ရုန်းထွက်မသာတဲ့
သံယောဇဉ်...မယှဉ်လိုပါလား
နှလုံးသားရဲ့အရှင်...သီတာခင်ရယ်

ရာမ နဲ့ ရာဝဏ အချစ်ကြီး
ရာဇဝင်ထီးမှာ စာတင်လို့ငြီးခဲ့ကြပေမယ့်
သူတို့ထက်အဖြစ်ဆိုး....
ရင်မှာပျိုးမိတဲ့..အချစ်နှင်းခါးမိုးအအေးဒဏ်ကြောင့်
တဖက်သတ်ချစ်ခြင်းရဲ့ ငိုချင်းရှည် ကဗျာတပုဒ်... ပဏ္ဍာထုတ်ကာစပ်သွင်း ရွှေနားတော်ဆက်စမ်း ချင်ပါရဲ့ လေ....

မြသားရောင်စိမ်းအလှနဲ့ ဟိန်းကြွနေတဲ့
အကိုတော်ရှင်....ရာမသခင်ကိုမှ
ညွတ်ပါလေတဲ့ သီတာခင်ရဲ့ အချစ်ပင်မို့
ရွှေသား ကတ္တီပါလို အရောင်ဝါဝင်း လက္ခဏလှပခြင်းက.....မယ်မင်းရင်တွင်း မသက်ဆင်းခဲ့တာ
အကျွန့်ချစ်ကံလား...အလှဘုရားရယ်

တောရွာသင်္ခန်းကျောင်းပျော်
ညီနှစ်ဖော်မို့ မခွဲအတူ ကြည်ဖြူအကြိုက်မွေ့
နောင်သား နောင်မယ် အသွယ်သွယ်မို့
ရန်တပါးလို မရွယ်စိတ်ဘဝင်
ဖခင်မခြား ပြုကားစောင့်ရှောက် အစဉ်သားတလျှောက် ဦးစားပေးခံပေါက် ညီမယ်လေးတယောက်မို့
ကျေးဇူးတော်ထောက်ခဲ့ရ
အကျွန့်ဘဝပါ......သီတာခင်ရယ

ခုနှစ်ပြည်ထောင် မင်းများအရှင်က
မင်းဇနက္ကထံ သမီးကညာတောင်း စစ်ပြုမည်အကြောင်းရာမို့
သိကြားမင်းက ဆက်သွင်း
အဋ္ဌစန္ဒာ လေးတော်တစင်းနဲ့
အချစ်စမ်းတဲ့ ပွဲလမ်းသဘင်ဝင်နွဲ
မာန်ကြွယ်တဲ့ အချစ်ဇောဟုန်နဲ့
လေးတော်ကို အားကုန်မလို့
ကြိုးတော်ရယ်ရစ်ဆင်ချိန်......
ရွှေလမျက်နှာညှိးကာကျ မျက်ရည်ခလို့ နှုတ်တော်ဆီ တီးတိုးမိန့်သည်က
့""မတ်တော်လေးရယ် ဖေးမပါတဲ့""့ 

သီတာခင် မဘုရားစကား.....
လက္ခဏအချစ်သမားကမ္ဘာခြားလေပေါ
တိုက်မောင်းသံဟိန်း တရှိန်ထိုးဆင်းတဲ့ ရေအလျင်ကြောင့် အသဲအိမ်ယာ ချစ်တိုင်းပြည်ပျောက်သလိုအဖြစ်မို့
အားကုန်ကာ လက်မှိုင်ချ
မျက်ရည်တွေတောင် ကျမိပါရဲ့....
တဖက်သတ်ပင် အချစ်တွေပွား
အဆများစွာထားသူ သစ္စာတရား
အဋ္ဌစန္ဒာလေးတော်တပါးသာ သိရှိပါရဲ့
အလှထိပ်တင်....သီတာအရှင်

အော်....
အမတော်ဘုရားရှင်....သီတာခင်ရယ်။ ။
ရွှေပန်းချီ
်ကျေးဇူးတင်ပါရစေ
ဆရာကြီး ချစ်ဦးညို
ရာမစာပေအွန်လိုင်း
ကံကော်ရနံဘလော့ စသည်တို့မှ ဖတ်မှတ်ပြီး စာပန်းချီ ချယ်မှုန်းပါတယ်နော်။ လိုအပ်သည်များရှိပါလျှင် ရွှေ ရဲ့ ညံဖျင်းမှု သာဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ရှင်


No comments:

Post a Comment