Tuesday, March 31, 2015

လမ်းလျှောက်ကြည့်ခြင်း...... 204


လမ်းလျှောက်ကြည့်ခြင်း......


ဘဝတခုကို တိမ်လို လေလို ပန်းပွင့်သလိုတွက်ဆကြည့်မယ် သူငယ်ချင်း...
တိမ်လို အမြန်ရွေ့လျား
လေလို ဆုတ်ကိုင်မရ
ပန်းပွင့်သလို တဖတ်ခြင်းကြွေ
နေထိုင်မှုတွေက တခဏလေးပါ....

အသက်ကို ခပ်မှန်မှန်ရှုသွင်း
ဘောင်ခတ်ထားတဲ့ အရာတွေလွင့်ပစ်
နေ့ရက်အသိုးတွေဖယ်ထုတ်
တို့တတွေ...ခဏ လမ်းလျှောက်ကြည့်ကြမယ် သူငယ်ချင်း........

ပတ်ဝန်းကျင် မိုက်မှောင်ထုက အုပ်စိုး တဏှာကဝေမက ကခုန် စိတ်တစ္ဆေက စည်းချက်တီးတော့
ဘဝအတုတွေကို အစစ်ထင် ပုံရိပ်ကိုချီးမြှင့်သြဘာခ နှမြောစရာက ဝံကြွားမာနတွေနဲ့ မှားပြီးရင်းမှားလာကြ လူဖြစ်လာရင် လူပီသရမယ် တွေးကြတယ်
အဲဒါကစ မှားနေတယ်...

ဟော ဟိုမှာ...လေထဲလွင့်သွားတဲ့ အသုဘရှုဖိတ်စာစက္ကူအပိုင်းအစလေး နာမည်က ဖိုးသက်ရှည် အသက်က ခြောက်နှစ် ဖြစ်ချင်တဲ့ ဆန္ဒတစုံ လက်ကုန်သွားတယ်ထင်ပါရဲ့.....

ဟောဒီက....ဆုံးအစမဲ့ မိုးကောင်းကင် စကြဝဠာနဲ့နှီုင်းယှဉ်လူသားတယောက်က အနက်စက်ကလေးတခု
ဘယ်နေရာမှာ ရပ်တည်နေသလဲ
ကံကြမ္မာရဲ့ ဓားစာခံ အမိန့်နာခံဘို့ သင်ကြားခဲ့ကြတယ်
လွန်ဆန်တဲ့သူတွေရှိတယ်ဆိုစေအုန်း
မအောင်မြင်ရင် ကံကိုသာပဲအပြစ်တင်ကြတယ်...

ဘဝလက်ကိုင်ရိုးတပ်ထားတဲ့
ဓားတလက်လို လူတွေ
ဘယ်အရာကို ထုဆစ်မလဲ
ဘယ်အရာကို ပါးပါးလှီးထုတ်မလဲ
ဘယ်အရာတွေကို ဖောက်ထုတ်မလဲ...
အမှန်ဆုံး မလိမ်ညာတမ်း မေးကြရင်း ပြောကြရင်း တွေးကြရင်း..
တို့တတွေ...ခဏ လမ်းလျှောက်ကြည့်မယ် သူငယ်ချင်း..။
ရွှေပန်းချီ

No comments:

Post a Comment